နိုင်ငံတကာ ကလေးပန်းချီပြပွဲ မန္တလေးမှာ ဖွင့်လှစ်
2012.08.13

သြဂုတ်လ ၁၆ ရက်နေ့ အထိ ၅ ရက်ကြာ ပြသသွားမှာဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂိုလီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ၊ မြန်မာစတဲ့ နိုင်ငံအသီးအသီးက ကလေးငယ်တွေရဲ့ ပန်းချီကားလက်ရာပေါင်း (၅၀၀) ကျော် ခင်းကျင်း ပြသ ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်တာကြောင့် ဒီလိုပြပွဲမျိုးတွေကို တခြားနယ်မြို့တွေမှာပါ ကျင်းပသွားမယ်လို့ ပြပွဲစီစဉ်သူ ပန်းချီပညာရှင် ဆရာ စူးမြင့်သိန်းက RFA ကို ပြောပါတယ်။
"ဒီပြပွဲတွေ လုပ်တယ်ဆိုတာက မန္တလေးလို ရန်ကုန်လို မြို့ကြီး ပြကြီးတွေမှာကသာ မြင်တွေ့ကြတာကိုး၊ နယ်တွေက ဒါမျိုးတွေ မရှိတဲ့ အခါကျတော့ နယ်တွေမှာပါ ကျွန်တော်တို့ ဒီကလေး ပန်းချီ ဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ်နဲ့ နယ်တွေမှာ သွားပြီးပြပါမယ်။ လောလောဆယ်တော့ ကျွန်တော်က အခုဟာ ရှမ်းပြည်မြောက်ပိုင်းကို အရင်ဦးစားပေးထားပါတယ်။ ပြီးရင် ကျွန်တော် ကချင်ပြည်နယ် သွားမယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းကို မုံရွာတို့၊ ဒီမိထ္ထီလာတို့ဘက်ကို ကျွန်တော် ခရီးဆက်မယ်ပေါ့နော်။ ရှမ်းပြည်ဘက်ကို ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း အဲဒီဘက်ကို သွားမယ်။ ပြသရုံတင် မဟုတ်ဘဲနဲ့ ပို့ချခြင်း အစီအစဉ်ပါ ပါတယ်။ ပို့ချမယ်။ သူတို့ကို ပန်းချီဆေးပစ္စည်းတွေ အခမဲ့ဝေမယ်။ အဲဒီမှာတင်ပဲ ဒါရိုက် ရေးခိုင်းပြီးတော့ ရေးပြီးသားကားကို ဒီကပါသွားတဲ့ နိုင်ငံတကာက ကလေးတွေနဲ့ တွဲပြီးတော့ ပြမယ်"
ဒီကနေ့ ပြပွဲကို မြန်မာမှုဒီဇိုင်း သုတေသီ ဆရာဦးအေးမြင့်၊ ပံသုစန္ဒာ ပန်းချီသင်တန်း ဆရာမ ဒေါ်ချိုချိုအောင်၊ ပန်းချီခိုင်ထွန်းစတဲ့ နာမည်ရ ပန်းချီဆရာတွေ၊ မန္တလေးမြို့ခံ ပန်းချီပညာရှင်တွေ၊ ကျောင်းသား မိဘတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ အပါအဝင် ပရိသတ် (၂၀၀) လောက် တက်ရောက်ခဲ့ကြပါတယ်။
ဒီပြပွဲကို ကျောင်းသား၊ ကျောင်းသူ၊ ကလေးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိရေးအတွက် အစိုးရကျောင်းအားလုံးကို ဖိတ်ကြားထားတယ်လို့လည်း ဆရာ စူးမြင့်သိန်းက ပြောပါတယ်။