မြေသယ်ကားကြီးတွေ သွားလာမှု ဖါးကန့်ဒေသမှာ လျော့ကျ
ဖါးကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက် တူးဖေါ်တဲ့ ကုမ္ပဏီများ အသုံးပြုနေတဲ့ယာဉ် နဲ့ စက်ယန္တယားတွေကို အထူးအဖွဲ့က စစ်ဆေးနေစဉ်မှာ မြေသယ်ကားကြီးတွေ သွားလာမှုတွေ သိသိသာသာ လျော့ကျသွားတယ်လို့ ဖါးကန့်ဒေသခံတွေ က ပြောကြပါတယ်။
-
2016-01-18 -
-
-
Your browser doesn’t support HTML5 audio
ဖါးကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်တူးဖေါ်တဲ့ ကုမ္ပဏီများ အသုံးပြုနေတဲ့ယာဉ်နဲ့ စက်ယန္တယားတွေကို အထူးအဖွဲ့က စစ်ဆေးနေစဉ်မှာ မြေသယ်ကားကြီးတွေ သွားလာမှုတွေ သိသိသာသာ လျော့ကျသွားတယ်လို့ ဖါးကန့်ဒေသခံတွေက ပြောကြပါတယ်။
အခုလိုယာဉ်နဲ့ စက်ယန္တယားတွေကို စစ်ဆေးနေချိန်မှာ တရားမဝင် တင်သွင်းလာတဲ့ ကားတွေ၊ စက်ယန္တယားတွေ ကို ရွေ့ပြောင်းထားတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေရှိပေမဲ့ မြို့နယ်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အဲဒါဟာ ကောလာ ဟလဖြစ်တယ်လို့ RFAကို ပြောဆိုပါတယ်။
ဒေသခံတွေကတော့ စစ်ဆေးရေးဝင်နေချိန်မှာ လမ်းတွေပေါ်မှာ ကားအသွားအလာ နည်းသွားပေမဲ့ မိုင်းခွဲ တာတွေတော့ ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်လာတယ်လို့ ဆိုပါတယ်။ ရေမဆေး ကျောက်သမားတဦးဖြစ်တဲ့ ကိုဝင်းအောင်က အခုလိုပြောပါတယ်။
"သိသိသာသာကြီးကို နည်းသွားတယ်၊ တန်ချိန်ကြီးတဲ့ကားမျိုးတွေ တချို့ပျောက်သွားတယ်ပေါ့၊ မိုင်းတွေ အရင် တုန်းက ခွဲတဲ့မိုင်းထက်ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်းပေါ့၊ အရင်တုန်းက မိုင်းကို တစ်တန်လောက်ထည့်မယ့် ဟာကို အခုနှစ်တန်၊ သုံးတန်စာမျိုး အဲ့လိုခွဲလိုက်တယ်၊ အရင်တုန်းက နည်းနည်းခွဲတယ်၊ ကားအားနဲ့လုပ်တယ်၊ အခုဟာက ကားအားကို ထုတ်မသုံးတဲ့အခါကျ မိုင်းကိုများများထည့်ပြီး ခွဲတဲ့အခါကျတော့ မြေစာများများထွက် တယ်၊ အဲ့အခါမှာ ခုနကပြောတဲ့ ဘတ်ဟိုးတွေ အသုံးလျော့ပြီးမှ လုပ်လို့ရတဲ့အနေအထားမျိုးဖြစ်သွားတယ်၊ အိမ်တွေဆို မနေနိုင်လောက်အောင် ခါတယ်"
အရင်ကဆိုရင် မိုင်းတွေကို မြေပွလာရုံသာ အပေါ်ယံခွဲပြီး ဘက်ဖိုးကားတွေနဲ့ မြေကော်တာဖြစ်ပေမဲ့ အခုအခါမှာ မိုင်းများများခွဲပြီး ယန္တရားအသုံးပြုတာကို လျော့ချလိုက်တာဖြစ်ပါတယ်။
ကျောက်စိမ်းကုမ္ပဏီတွေက အသုံးပြုတဲ့ကားကြီးတွေကို လုံခြုံရာမှာ ဖွက်ထားတာကို ဖါးကန့်ဒေသခံ စုံစမ်းရေး အဖွဲ့တွေက ဓါတ်ပုံများ ဗီဒီယိုများ ရိုက်ကူးထားတာတွေရှိပြီး သက်သေခံများကို သက်ဆိုင်ရာ အဆင့်ဆင့်ကို ဆက်လက်တင်ပြသွားမယ်လို့ ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။