အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတချို့ နှိပ်စက်ခံရပြီး တိုက်ပိတ်ခံထားရ

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်ထဲမှာ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ကြိုးပေးကွပ်မျက်ခံရသူတွေအတွက် သုံးလပြည့်ဆွမ်းကပ်တာနဲ့ မီးပိတ်သပိတ်မှာ ပါဝင်တာကြောင့် နိုင်ငံအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီကိစ္စတွေမှာပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါးဟာ ထောင်တွင်းအလုပ်လုပ်ရာမှာ အပြစ်ရှာ ရိုက်နှက်ခံရတာနဲ့ တိုက်ပိတ်ခံရတာတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"မီးပိတ်သပိတ်လှုပ်ရှားမှုမှာ ထောင်ထဲမှာ အကျဉ်းသားတွေက ၁၀ မိနစ် ငြိမ်သက် ပြီးတော့ ပါဝင်ကြတယ်ပေါ့၊ အဲဒီနောက်ပိုင်းကတည်းက ဖိနှိပ်မှုကို ပုံစံမျိုးစုံနဲ့ လုပ်တော့တာပဲ။ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ သုံးလပြည့် လှုပ်ရှားမှု ထပ်လုပ်တော့ ပိုဆိုးသွားတာပေါ့၊ အရင်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံမျိုးစုံနဲ့ နှိပ်စက် ဖိနှိပ်နေကျဆိုတော့ အခုလည်း အသေအကြေ နှိပ်စက်နေတာပဲ"

ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အသက် ၂၀ ကနေ ၃၀ ကျော်ခန့် အမျိုးသားတွေ အများဆုံးပါဝင်ပြီး နာမည်တွေကိုတော့ အတိအကျမသိရဘူးလို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဒီနေ့ နေ့လယ်အထိ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်ထောင်တွင်း ထောင်ဝင်စာလက်ခံတဲ့ဌာနမှာ ပေါက်ကွဲမှုဖြစ်ပြီး လူရှစ်ဦး သေဆုံးခဲ့တာကြောင့် တစ်နိုင်ငံလုံးက ထောင်တွေမှာ ထောင်ဝင်စာပို့ခွင့် ပိတ်ခဲ့ပေမယ့် စက်တင်ဘာ ၃၁ ရက် မနေ့မှာတော့ ပြန်ဖွင့်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းထားတဲ့ ၂၁ လအတွင်း တစ်နိုင်ငံလုံးမှာ ပြည်သူ ၂,၄၀၄ ဦး သေဆုံးခဲ့ပြီး ၁၂,၈၀၆ ဦး ဖမ်းဆီးခံထားရသလို ၁,၆၁၂ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။