ရန်ကုန် အင်းစိန် စစ်ကောင်စီ စုပေါင်းရုံးအနီး ပေါက်ကွဲမှုဖြစ်
2023.10.26
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ စုပေါင်းရုံးအနီးမှာ အောက်တိုဘာလ ၂၅ ရက် မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အင်းစိန်မြို့ခံတွေက RFA ကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ အင်းစိန် ပြည်သူ့ဆေးရုံကြီးနဲ့ စစ်ကောင်စီ စုပေါင်းရုံး အကြားမှာဖြစ်ပြီး လူထိခိုက်မှု မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းစိန်မြို့ခံတစ်ဦးက RFA ကို ဒီနေ့နေ့လယ်ပိုင်းက ပြောပါတယ်။
“မနေ့ညနေဘက်က ပေါက်ကွဲမှုဖြစ်တာ။ လူထိခိုက်မှုတော့ မရှိဘူး။ အဲဒီပေါက်ကွဲမှု ဖြစ်ပြီး ညဘက်မှာ စစ်ကောင်စီတပ်ဘက်က ကားတွေ၊ လူတွေကို စစ်ဆေးခဲ့တယ်။ ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီ တပ်သားတွေ စစ်ဆေးနေတုန်းပဲ”
အင်းစိန်မြို့နယ် စစ်ကောင်စီ စုပေါင်းရုံးဟာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်း ငါးခုထက်မနည်း စုပေါင်းဖွင့်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။
အခုပေါက်ကွဲမှုဟာ ဗုံးပေါက်ကွဲမှုလား၊ တခြား ဘယ်လိုပေါက်ကွဲမှုမျိုးလည်း ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အင်းစိန် ရွာမအလယ်ရပ်ကွက် အင်းစိန်အကျဉ်းထောင် အနောက်ဘက်ဂိတ်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။