အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တွေကို ရုံးထုတ်


2016.09.29
innwa-court-620.jpg ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် တရားရုံးမှာ စက်တင်ဘာလ ၂၉ ရက်နေ့က အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစု ၆ ဦးကို ရုံးထုတ်လာစဉ်
Photo: Aung Thain Kha/RFA

အိမ်အကူမိန်းကလေး နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစု ၆ ဦးလုံးကို ဒီကနေ့ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်က ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်းနဲ့ မသီရိလတ် တို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၉/၂၄/၃၂၊ (ပ) ၂၀၁/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၅/၃၄၄/၁၁၄ နဲ့ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆(ဃ)တို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာပါ။

အဲဒီအမှုနဲ့ ပတ်သက်လို့ လာမယ့် အောက်တိုဘာ ၆ ရက်နေ့ကစပြီး တရားလိုဘက်က သက်သေတွေကို စတင်စစ်ဆေးသွားမှာဖြစ်ပြီး အပတ်စဉ် ကြာသပတေးနေ့တိုင်း ရုံးထုတ်စစ်ဆေးသွားမယ်လို့ အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်ဆွေဆွေက တရားခွင်မှာ ပြောပါတယ်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေကို တရားရုံးထုတ်ရာမှာ သတင်းမီဒီယာသမားတွေ သတင်းရယူ ရိုက်ကူးတာကို လုံခြုံရေးအရ တားဆီးပိတ်ပင်ထားပြီး ရိုက်ကူးခွင့် မပေးဘူးလို့ တရားရုံးတာဝန်ရှိသူတွေက ပြောပါတယ်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဟာ အိမ်အကူ မိန်းကလေးနှစ်ယောက်ကို လက်လှန်ချိုးတာ၊ ကတ်ကြေးနဲ့ ထိုးတာ၊ ဓားနဲ့ ထိုးဆွတာတွေ ပြုလုပ်ပြီး လုပ်ခလစာမပေးဘဲ ခိုင်းစေခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။