အင်းဒင်ရွာသတ်ဖြတ်မှု စုံစမ်းစစ်ဆေးဖို့ အမေရိကန်တိုက်တွန်း
2018.02.09

ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ယောက် သတ်ဖြတ်မှုအကြောင်း ရိုက်တာသတင်းဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ အများလက်ခံ ယုံကြည်နိုင်တဲ့ စုံစမ်းစစ်ဆေးမှုတရပ် ပြုလုပ်စေလိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဟယ်သာ-နော့တ်က ပြောကြားလိုက်ပါတယ်။
ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်ကိုလည်း ပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် ယန်ဟီးလီကလည်း ဒီသတ်ဖြတ်မှုဖြစ်ပျက်ခဲ့ပုံ အပြည့်အစုံကို လွတ်လွတ်လပ်လပ် ယုံကြည်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတရပ် ပြုလုပ်သင့်တယ်လို့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားတိုက်တွန်းလိုက်ပါတယ်။
အဲဒီ ရိုဟင်ဂျာ ၁ဝ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရွာသားတွေက သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးတစ်ပုဒ်ကို “မြန်မာနိုင်ငံမှ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရိုက်တာ သတင်းဌာနက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ရွာသားတွေကို လက်ပြန်ကြိုးတုပ် ခေါ်ဆောင်သွားပြီး သတ်ဖြတ်ပုံ အသေးစိတ်ကို သတ်ဖြတ်မှုမတိုင်မီ ရိုက်ကူးထားတဲ့ ရောင်စုံဓါတ်ပုံတွေနဲ့တကွ ဖော်ပြထားတာပါ။ အသတ်ခံရသူ ၁၀ ယောက်ကိုလည်း နာမည်တွေ အလုပ်အကိုင်တွေနဲ့တကွ အသေးစိတ်ဖေါ်ပြထားပါတယ်။
ရိုက်တာ သတင်းထောက်တွေက စုံစမ်းမေးမြန်းတဲ့အတွက် ဒေသခံ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေက ဖြစ်ပျက်ပုံတွေပြောပြပြီး ဓါတ်ပုံတွေကို ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အင်းဒင်ရွာရှင်းလင်းဖို့ အမိန့်ကို စစ်တပ်အဆင့်ဆင့်က ပေးခဲ့တယ်လို့ ရဲအရာရှိ လေးယောက်က ပြောတယ်လို့လည်း ဖော်ပြထားပါတယ်။
အင်းဒင်ရွာဖြစ်ရပ်နဲ့ပတ်သက်လို့ သတင်းစုံစမ်းနေတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို "ရခိုင်နဲ့ဆက်နွယ်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ရယူထားတယ်" ဆိုတဲ့စွဲချက်နဲ့ မြန်မာအစိုးရက ဖမ်းဆီးလိုက်တာလို့လည်း သတင်းမှာ ဖော်ပြပါတယ်။
အဲဒီ ရိုဟင်ဂျာ ၁ဝ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရွာသားတွေက သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စောစောပိုင်းက နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်ရဲ့ ပြောခွင့်ရှိ ပုဂ္ဂိုလ် ဦးဇော်ဌေးက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ လုံးဝမရှိဘူးလို့ မပြောလိုကြောင်း၊ သက်သေအထောက်အထား ခိုင်ခိုင်မာမာရှိရင် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဦးဇော်ဌေးကို ပြီးခဲ့တဲ့နာရီပိုင်းက RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။