လေကြောင်းဘေးကင်းရေး ပုဂ္ဂလိက ကုမ္ပဏီတွေကို ဖိတ်ခေါ်မည်
2013.11.19
မြန်မာ့လေကြောင်း လုံခြုံစိတ်ချဘေးကင်းရေးနဲ့ လေဆိပ်တွေရဲ့ အခြေအနေ တိုးတက်လာဖို့အတွက် ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေကိ ုငှားရမ်းဖို့ အစိုးရက ရည်ရွယ်နေကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသွားတွေ တိုးတက်များပြားလာနေတာနဲ့အမျှ၊ လေယာဉ်မတော်တဆ ဖြစ်ပွားနှုန်းကလည်း ကမ္ဘာ့ပျမ်းမျှအဆင့်ထက် ၉ ဆရှိနေတယ်လို့ လေကြောင်းအာဏာပိုင်တွေကပြောပါတယ်။ အခုဆိုရင် မြန်မာ့လေကြောင်းကို အစိုးရက အင်တိုင်အားတိုက် တိုးခဲ့နေသလို၊ ပုဂ္ဂလိက လေကြောင်းလိုင်းတွေကလည်း ခရီးစဉ်တွေ တိုးခဲ့နေတာမို့ မတော်တဆဖြစ်ပွားမှု ပိုပြီးတိုးပွားလာမှာကို အစိုးရကစိုးရိမ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းလေယာဉ် မတော်တဆမှု ၄ ကြိမ် ဖြစ်ပွားခဲ့ရာမှာ တစ်ကြိမ်မှာ လူသေဆုံးမှု ရှိခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအတွင်း လေယာဉ်ကွင်း ၆၉ ခုထဲက ၃၂ ခုကို အဆင့်မြှင့်ပြီး လုပ်ကိုင်ဆောင်ရွက်ကြဖို့ ပြည်တွင်းကုမ္ပဏီတွေကို အစိုးရကဖိတ်ခေါ်မယ်လို့ သိရပါတယ်။ လေကြောင်းဝန်ဆောင်မှု တိုးတက်လာရေးနဲ့ လေဆိပ်တွေ အမြင်လှရေးအတွက် အခုလို ဖိတ်ခေါ်ဖို့ စီစဉ်နေတာဖြစ်ကြောင်း အရပ်ဘက်လေကြောင်းဌာန အရာရှိကြီးတစ်ဦးက ပြောပါတယ်။
အဓိက နိုင်ငံတကာလေဆိပ်ဖြစ်တဲ့ ရန်ကုန်လေဆိပ်ကို ခေတ်မီအောင် ပြုပြင်မွမ်းမံနေပေမဲ့ ကျန်တဲ့ ပြည်တွင်းလေဆိပ်တွေကတော့ ဆောင်ရွက်ပုံညံ့ဖျင်းနေတဲ့အပြင်၊ အခြေခံနည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေလည်း ချို့တဲ့နေပြီး၊ တချို့နေရာတွေမှာ အရေးပေါ်ပြင်ဆင်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက လေဆိပ်အများစုဟာ သေးငယ်ပြီး၊ လုံခြုံဘေးကင်းရေးအတွက်လည်း အန္တရာယ်ရှိတယ်လို့ တချို့လေဆိပ်တွေမှာ လုံခြုံရေးပစ္စည်းတွေတပ်ဆင်ဖို့ ကန်ထရိုက်ရရှိထားတဲ့ ဂျပန် ဆူမီတိုမို ကော်ပိုရေးရှင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အမေရိကန်ဒေါ်လာသန်း ၁၅၀ ကုန်ကျမယ့် ရန်ကုန်လေဆိပ် ပြုပြင်မွမ်းမံရေးလုပ်ငန်းကို Asia World ကုမ္ပဏီက ဦးဆောင်နေပြီး၊ မန္တလေးလေဆိပ်ကို ဂျပန် မစ်ဆုဘီရှီ ကော်ပိုရေးရှင်း၊ ဟံသာဝတီလေဆိပ်သစ်ကို တောင်ကိုရီးယား Incheon ကော်ပိုရေးရှင်းတို့ လုပ်ကိုင်ခွင့်ရထားပါတယ်။