မြဝတီငွေလိမ်ဂိုဏ်းမှာ ပိတ်လှောင်ခံခဲ့ရတဲ့ အင်ဒိုနီးရှား ၄၆ ဦး နေရပ်ပြန်ရောက်

ကျားဖြန့်လိမ်လည်ဂိုဏ်းတွင် ပိတ်လှောင်ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသား ၄၆ ဦးအား Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
ကျားဖြန့်လိမ်လည်ဂိုဏ်းတွင် ပိတ်လှောင်ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသား ၄၆ ဦးအား Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ANTARA/Azmi Syamsul/rst)

မြန်မာနိုင်ငံက ကျားဖြန့်လိမ်လည်ဂိုဏ်းမှာ ပိတ်လှောင်ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ အင်ဒိုနီးရှားလူမျိုး ၄၆ ဦးဟာ မနေ့က အင်ဒိုနီးရှားနိုင်ငံ နိုင်ငံတကာလေဆိပ်ကို ပြန်လည်ရောက်ရှိလာပြီး အဲဒီထဲက နှစ်ယောက်ရဲ့ ခြေထောက်မှာ သေနတ်ဒဏ်ရာတွေတွေ့ရှိရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကြောင်း အင်ဒိုနီးရှားအခြေစိုက် အန်တာရာ (Antara) သတင်းက ဖေဖော်ဝါရီ ၂၁ ရက်က ဖော်ပြပါတယ်။

သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်အသေးစိတ်နဲ့ ဘာကြောင့် ဒဏ်ရာရလာတာလဲဆိုတာကို ဖော်ပြမထားဘဲ ကရင်ပြည်နယ် မြဝတီမြို့မှာ ညှဉ်းပန်းနှိပ်စက်တဲ့ ဒဏ်ခံခဲ့ရသူတွေလို့သာ ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမှာ ပိတ်လှောင်ညှဉ်းဆဲခံနေရဆဲဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၉၂ ယောက်ကိုလည်း ကယ်ထုတ်ပြီး နေရပ်ပြန်လည်ပို့ဆောင်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်က နိုင်ငံသားများ အကာအကွယ်ပေးရေးနဲ့ ဥပဒေရေးရာဌာန ညွှန်ကြားရေးမှူး Judha Nugraha က သောကြာနေ့မှာ ပြောကြားပါတယ်။ နောက်ထပ် အင်ဒိုနီးရှားလူမျိုး ၂၇၀ နဲ့ သူတို့မိသားစုတွေဆီက တိုင်ကြားစာတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

ရရှိထားတဲ့ သတင်းတွေအရ တချို့အင်ဒိုနီးရှားတွေဟာ ကိုယ်တိုင်ပြစ်မှုကျူးလွန်နေသူတွေဖြစ်ပြီး တချို့က လူသစ်စုဆောင်းပေးတဲ့အကြောင်းနဲ့ ဒီကိစ္စထပ်မံစုံစမ်းမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အင်ဒိုနီးရှား နိုင်ငံသားဦးရေ ၆၈ဝဝ ပါဝင်ပတ်သက်နေတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောထားပါတယ်။ အဲဒီအရေအတွက်ဟာ ၂၀၂၀ ခုနှစ်ကစပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ဆေးတွေ့ရှိချက်တွေဖြစ်ပြီး ဆက်ပြီးတိုးလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အဓိကက ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် နဲ့ မြန်မာနိုင်ငံတို့မှာဖြစ်တယ်လို့ ဆိုပါတယ်။