အင်ဒိုနီးရှားက မြန်မာသံရုံး တိုက်ခိုက်မယ့်သူ နှစ်ဦး ဖမ်းဆီးရမိ
2016.11.27

အင်ဒိုနီးရှားနိုင်ငံမှာ ဂျာကာတာမြို့တော်တွင်းက မြန်မာနိုင်ငံသံရုံးအပါအဝင် ထင်ရှားတဲ့ အဓိကရနေရာတွေကို တိုက်ခိုက်ဖို့စီစဉ်နေသူ နှစ်ဦးကို အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဗုံးပြုလုပ်သူအဖြစ် မသင်္ကာမှုနဲ့ ဖမ်းဆီးထားသူတစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ရာက အဲဒီအကြမ်းဖက်သမားနှစ်ဦးကို ရှာဖွေတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ဝီဘာဝါ အမည်ရှိ ဗုံးပြုလုပ်သူရဲ့ အနောက်ဂျာဗားပြည်နယ်မှာရှိတဲ့ နေအိမ်ကနေ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုမှာ အသုံးပြုခဲ့တဲ့ ဗုံးထက်သုံဆပိုပြီး အင်အားပြင်းတဲ့ ဗုံးတွေပြုလုပ်နိုင်တဲ့ ဖေါက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့ရကြောင်း လည်း ရဲကပြောပါတယ်။ ဘာလီကျွန်းမှာ ၂၀၀၂ ခုနှစ် အကြမ်းဖက်ဗုံးခွဲမှုကြောင့် လူ ၂၀၂ ဦး သေဆုံးခဲ့ရပါတယ်။
ဗုံးပြုလုပ်သူအပါအဝင် ဖမ်းဆီးခံထားရသူ သုံးဦးဟာ အစ္စလာမ္မစ်အစွန်းရောက် IS အဖွဲ့နဲ့ ချိတ်ဆက်လှုပ်ရှားနေ သူတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ အင်ဒိုနီးရှားလွှတ်တော်၊ ရဲဌာနချုပ်နဲ့ ရုပ်မြင်သံကြားဌာနတွေကို တိုက်ခိုက်ဖို့အပြင်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာသံရုံးကို တိုက်ခိုက်လိုကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့ ပြော ခွင့်ရသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း မြန်မာနိုင်ငံက ဘာသာလူမျိုး ပဋိပက္ခတွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျာကာတာမြို့ မြန်မာ သံရုံးကိုဗုံးခွဲဖို့ အင်ဒိုနီးရှား အစွန်းရောက်စစ်သွေးကြွတွေက ကြံစည်ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ဘဲ၊ စစ်သွေးကြွ တစ်ဒါဇင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီအတွင်း AFP သတင်းဌာနရဲ့ ဗီဒီယိုတစ်ခုမှာ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက သူ့ရဲ့သမီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့ကြကြောင်း၊ သူ့ကိုလည်း စစ်သား ၇ ယောက်က အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ကြရာမှာ ဘယ်လိုဘယ်ပုံလွတ်မြောက်လာခဲ့တယ်ဆိုတာ မသိတော့ကြောင်း ပြောဆိုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်က နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ သံတမန်တွေနဲ့ တွေ့ဆုံခဲ့ရာမှာတော့ မိမိတို့နိုင်ငံဟာ မမျှမတဆက်ဆံမှုနဲ့ ကြုံတွေ့နေရကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အများကတောင်းဆို တဲ့အတိုင်း အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးနေကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို အချက်အလက် တိကျခိုင်မာမှုမရှိဘဲ တဖက်သတ်ပြောဆိုနေကြကြောင်း စိတ်ပျက်လက်ပျက်ပြော ဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြခဲ့ပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွစလင်တွေကို အကြမ်းဖက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့အခမ်း အနားကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင်တက်ရောက်မှာ ဖြစ်တယ်လို့ ဒုတိယ ဝန်ကြီးချုပ် Ahmad Zahid Hamidi က ပြောပါတယ်။
ဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေနဲ့ လာမယ့် ဒီဇင်ဘာလ (၄) ရက်နေ့မှာ ကျင်းပမယ့်အခမ်းအနားကို တခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ တက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ပြည်သူ့တရားမျှတမှုပါတီ People’s Justice Party လို အဓိကအတိုက်အခံပါတီနဲ့ တခြားအမျိုးသားရေး အရင်းခံပါတီ National Honest Party တို့ကိုလည်း တက်ရောက်ဖို့ တိုက်တွန်းထားပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေ သောကြာနေ့က ဆန္ဒဖေါ်ထုတ်ခဲ့ပြီးတဲ့နောက် ဒုတိယဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။