မြန်မာ့အရေး အထူးအလေးထား ဆက်လက်ဆောင်ရွက်မယ်လို့ အင်ဒိုနီးရှားပြော
2024.01.09

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေကို ဖြေရှင်းနိုင်ရေး အထူးအလေးထားပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ဇန်နဝါရီ ၈ ရက်နေ့က ထုတ်ပြန်ရာမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကိုအဆုံးသတ်ဖို့အတွက် အာဆီယံက ချမှတ်ထားတဲ့ မူငါးရပ်ကို အကောင်အထည်ဖော်ဖို့ဟာ အဓိက အရေးအကြီးတဲ့ အချက်လို့လည်း တိုက်တွန်းခဲ့ပါတယ်။
အာဆီယံကချမှတ်ထားတဲ့ အချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေး တိုးတက်လာအောင် တွန်းအားပေးဖို့ သံတမန်လမ်းကြောင်းကနေ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်ခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်သူအများအပြားနဲ့ ထိတွေ့ဆက်ဆံမှုပေါင်း ၂၆၅ ခု လုပ်ခဲ့တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပြဿနာတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက အဲဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ကူညီဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားတာကို မပြောင်းလဲကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောတာလို့ အင်ဒိုနီးရှားအခြေစိုက် သတင်းဌာတချို့က ဖော်ပြပါတယ်။
တဆက်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံကို လှေစီးရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိလာတာတွေဟာ နိုင်ငံဖြတ်ကျော် လူမှောင်ခိုဂိုဏ်းတွေ ပါဝင်ပတ်သက်နေတာတွေ့ရတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။