မြန်မာကို အင်ဒိုနီးရှားထံက လေ့လာဖို့ ဖိတ်ခေါ်
2017.01.25

မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေးနဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေ ကို ဓါတ်ခွဲစမ်းသပ်ခန်းသဖွယ်အသုံးပြုလေ့လာနိုင်ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရိနို မာစူးဒီ က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားကိုရောက်ရှိနေတဲ့မြန်မာပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ ဗုဒ္ဓဟူးနေ့ မနေ့က တွေ့ဆုံရာစဉ် သူမက အခုလိုပြောကြားလိုက်တာပါ။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင် ၃ဝ ခန့်ပါတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုရင်း မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေကို လေ့လာနိုင် ပါကြောင်း၊ မြန်မာပြည်ရဲ့ ပြဿနာတွေပြေလည်ရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လိုသလို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်သူတွေအကြား ယုံကြည်မှုတည်ဆောက်ဖို့လည်း လိုအပ်ပါကြောင်း၊ အဲဒီလုပ်ငန်းတွေထဲ မှာ ကျောင်းဆရာတွေ၊ သူနာပြုတွေကို လေ့လာသင်ကြားပေးရေး၊ ဆေးခန်းတွေ ဖွင့်လှစ်ပေးရေး၊ လူမျိုးဘာသာ ကွဲပြားသူတွေအကြား ဆက်သွယ်ပေါင်းကူးမှု တိုးတက်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ဆောင်ရွက်ကိုင်တွယ်ပုံတွေ အဆင့်အတန်းမြင့်မားလာရေး စတဲ့ လုပ်ငန်းစဉ်တွေလည်း ပါဝင်ကြောင်း ပြောကြားပါတယ်။
ဒါ့အပြင် အဲဒီလို မြန်မာပြည်တိုးတက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လိုအပ်သလို ကူညီဖို့ ထပ်လောင်း ကတိပြုပါကြောင်းလည်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားဝန်ကြီး မစ္စ မာစူးဒီ ဟာ မြန်မာပြည်ကို ပြီးခဲ့တဲ့ ၂ လအတွင်း သုံးကြိမ်သွားရောက်ခဲ့ပါတယ်။