အိန္ဒိယရောက် သမ္မတဦးသိန်းစိန် ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ
2012.12.21

လူအင်အား ၅ဝ ကျော်လောက်က ဆန္ဒပြသူတွေက သံဃာတော်တွေကို တောင်းပန်ရေး၊ လက်ပန်းတောင်းတောင်စီမံကိန်း ချက်ချင်းရပ်၊ ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ ဖမ်းခံထားရသူတွေ လွှတ်ပေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်တဲ့ ရွှေဝါရောင်ကျောင်းတိုက်ဆရာတော် ဦးပညာဇောတက RFA ကို အခုလို မိန့်ကြားပါတယ်။
" ဦးသိန်းစိန်အစိုးရကို ဘာဖြစ်လို့ ဦးဇင်းတို့ ဆန္ဒပြရသလဲဆိုလို့ရှိရင် နိုဝင်ဘာ ၂၉ ရက်နေ့က လက်ပန်းတောင်းတောင်ပရောဂျက် သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာ ရက်စက်တုန်းဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို ဒီမှာလာပြောတာပါ"
အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ဒုတိယနေ့မှာ အိန္ဒိယသမ္မတ (Pranab Mukherjee) ပရာနက် မူခါဂျီ ကိုယ်တိုင်တက်ရောက်မှာ ဖြစ်ပါတယ်။ အစည်းအဝေးပွဲ ပထမရက်မှာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း တက်ရောက်ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အပြန်အလှန် ကူးလူးဆက်ဆံရေးတွေကို တိုးချဲ့သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ မဟာဗျူဟာ လမ်းမကြီး အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ဖို့နဲ့ အဲဒီလမ်းကို လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံအထိ တိုးချဲ့နိုင်ငံရေးအတွက် အဓိကထား လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့်ခွန်းမှာ ပါဝင်ပါတယ်။ နောက်ပြီး မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားကို ဖြတ်ပြီး ဗီယက်နမ်နိုင်ငံကို ဆက်သွယ်နိုင်မယ့် ဒုတိယမြောက် မဟာဗျူဟာလမ်းမကြီး ဆောက်လုပ်နိုင်ရေးအတွက်လည်း လုပ်ဆောင်သွားမယ်လို့ မန်မိုဟန်ဆင်းက ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ်တဲ့အပြင် အိန္ဒိယကလုပ်လိုတဲ့ မဟာဗျူဟာလမ်းစီမံကိန်းတွေဟာလည်း ပြည်သူပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်တဲ့အတွက် မျှော်လင့်ချက်နည်းနိုင်တယ်လို့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ ညပိုင်း အစည်အဝေးအပြီးမှာ Confederation of Indian Industry လုပ်ငန်းအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ညစာစားပွဲ တက်ရောက်ဖို့ မွန်ဘိုင်းမြို့ကို သွားရောက်မှာဖြစ်ပါတယ်။