အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ခရီး စတင်
2011.06.20
ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်း အိန္ဒိယ အစိုးရရဲ့ ပထမဆုံး အဆင့်မြင့်ဆုံး ကိုယ်စားလှယ် အဖွဲ့ သွားရောက်တာ ဖြစ်ပါတယ်။
အိန္ဒိယ အစိုးရဟာ ၁၉၉၅ ခုနှစ်လောက်က စလို့ လုံခြုံရေး၊ စွမ်းအင် ကဏ္ဍနဲ့ မဟာ ဗျူဟာ ကိစ္စရပ်တွေမှာ မြန်မာ စစ်အစိုးရနဲ့ အနီးကပ် ပူးပေါင်း ဆက်ခံလာခဲ့ ပါတယ်။ နှစ်နိုင်ငံ နယ်စပ်က အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို နှိမ်နင်းရေး၊ မြန်မာ နိုင်ငံက ရေနံ၊ သဘာ၀ ဓါတ်ငွေ့နဲ့ ရေအား လျှပ်စစ် လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံရေး၊ မြန်မာ နိုင်ငံ အပေါ် တရုတ် အစိုးရရဲ့ သြဇာ ကြီးထွားလာမှုကို တန်ပြန်ရေးတို့ အတွက် မြန်မာ စစ်အစိုးရနဲ့ အနီးကပ် ဆက်ဆံလာခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ခရစ်ရှနာနဲ့ နိုင်ငံခြားရေး အတွင်းဝန် နီရူပါမာ ရောင်း (Nirupama Rao) တို့ဟာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပြီး ကျယ်ပြန့်တဲ့ ပူးပေါင်း ဆက်ဆံရေး ကိစ္စတွေကို အစိုးရသစ်နဲ့ အမြင်ချင်း ဖလှယ် ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ ရခိုင် ပြည်နယ်က ကုလားတန် ဘက်စုံ ဖွံ့ဖြိုးမှု စီမံကိန်း အပါအဝင် ပူးတွဲ စီမံကိန်း အတော်များများနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ရှိတယ်လို့ အိန္ဒိယ အစိုးရ သတင်း ရပ်ကွက်တွေက ပြောပါတယ်။
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဟာ ဒီခရီးစဉ် အတွင်း အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ် ရေးဆွဲထားတာ မရှိဘူးလို့ အမည် မဖော်လိုတဲ့ အိန္ဒိယ အစိုးရ အရာရှိ တဦးက ပြောပါတယ်။