ဒေါ်လာ ၃၈ သန်းနီးပါးတန်ဖိုးရှိ တိုပီဒို လက်နက်တွေ မြန်မာ ကိုရောင်းဖို့ အိန္ဒိယ သဘောတူ
2017.03.28

မြန်မာရေတပ်အတွက် အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါး တန်ဖိုးရှိတဲ့ တိုပီဒို သင်္ဘောဖျက်လက်နက်တွေ ရောင်း ချဖို့ အိန္ဒိယက သဘောတူလိုက်ပါတယ်။
မြန်မာရေတပ်ဟာ မကြာခင်က ဆိုနာ ခေါ် အသံလှိုင်းသုံး ရေအောက်ရှာဖွေထောက်လှမ်းရေး ကိရိယာတွေ အပါအဝင် ရေတပ်သုံးပစ္စည်းတွေ အိန္ဒိယဆီက ဝယ်ယူခဲ့အပြီး၊ အခုလို တိုပီဒိုတွေ ဝယ်ယူဖို့ ဆက်လက်ကမ်းလှမ်း ခဲ့တာဖြစ်ပါတယ်။
အခုလို တိုပီဒိုတွေ ဝယ်ယူတာဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ရေတပ်ချင်းအားပြိုင်မှု ကြီးထွားလာနေတယ် ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ အေပီ သတင်းက ဆိုပါတယ်။
ဒီလ အစောပိုင်းကလည်း မြန်မာရေတပ်သားတွေကို လေ့ကျင့်ပေးဖို့နဲ့ မိုးလေဝသဆိုင်ရာ ကိရိယာတွေ တည်ဆောက်ပေးဖို့ မြန်မာရေတပ်ရဲ့ကမ်းလှမ်းချက်ကို အိန္ဒိယရေတပ်က လက်ခံလိုက်ပါတယ်။
မြန်မာရေတပ် အဆင့်မြှင့်တင်ရေးဟာ အရင်က တရုတ်အပေါ် အားပြုနေခဲ့ရာက အခုတော့ အိန္ဒိယကပါ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
အိန္ဒိယဟာ မြန်မာ့တပ်မတော်အတွက် ညကြည့်ကိရိယာတွေ၊ အရေးပေါ်တံတားထိုးပစ္စည်းတွေ၊ လောင်ချာ နဲ့ မော်တာ စိန်ပြောင်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ ရောင်းချပေးနေပါတယ်။
အိန္ဒိယနဲ့ မြန်မာဟာ ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ ဘင်္ဂလားပင်လယ်အော်မှာ ရေပိုင်နက်ချင်း ရှည်ရှည် လျားလျားဆက်စပ်နေပါတယ်။ ဒါ့ပြင် မြန်မာအတွက် အိန္ဒိယကတည်ဆောက်ပေးနေတဲ့ စစ်တွေရေနက် ဆိပ်ကမ်းကိုလည်း လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာအစိုးရကို လွှဲအပ်ပေးတော့မယ်လို့ သိရပါတယ်။