အိန္ဒိယနိုင်ငံ အရှေ့မျှော်မူဝါဒ မြန်မာနိုင်ငံ အဓိကကျ
2018.12.13

အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံဟာအဓိကကျတဲ့နိုင်ငံဖြစ်တယ်လို့ အိန္ဒိယသမ္မတ ရမ်နာသ့်ကိုဗင်က မနေ့က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့မှာ အိန္ဒိယနိုင်ငံသားတွေနဲ့တွေ့ဆုံပွဲမှာ မစ္စတာ ကိုဗင်က ပြောလိုက်တာပါ။ အရှေ့မျှော် မူဝါဒနဲ့ အိမ်နီးချင်း ဦးစားပေးမူဝါဒဟာ အိန္ဒိယနိုင်ငံခြားရေးမူဝါဒမှာ အဓိကသော့ချက်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဟာ အဲဒီမူဝါဒ နှစ်ခုလုံး နဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးရေးတွေမှာ တွေ့ကြုံနေ ရတဲ့ အခက်အခဲပေါင်းစုံ ဖြေရှင်းရေးမှာ အိန္ဒိယက အကူအညီ ကမ်းလှမ်းဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံလို၊ ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံနဲ့ မတူကွဲပြားသူတွေ အတူယှဉ်တွဲနေထိုင်တဲ့ တိုင်းပြည်တပြည်ဖြစ်လို့ နှစ်နိုင်ငံ တူညီမှုတွေရှိတယ်လို့ သမ္မတကိုဗင်က နှိုင်းယှဉ်ပြော ဆိုပါတယ်။
ဒါ့အပြင် ဗုဒ္ဓရဲ့ အတွေးအခေါ် အယူအဆတွေ သက်ဝင်ယုံကြည်တဲ့အတွက် ဂုဏ်ယူစရာကောင်းတဲ့ တိုင်းပြည်ဖြစ် တယ်လို့ အိန္ဒိယသမ္မတ ကပြောပါတယ်။
သမ္မတကိုဗင်ဟာ မနေ့က ရွှေတိဂုံစေတီတော်ကိုဖူးမျှော်ကြည်ညိုပြီး၊ အဲဒီကနေ အာဇာနည်ဗိမာန်ကိုသွားပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေကို ဂါရဝပြုခဲ့ပါတယ်။ ဒီနေ့မနက်မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။