မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး အားပေးမယ်

လွှတ်တော် လုပ်ထုံးလုပ်နည်းတွေနဲ့ စံသတ်မှတ်ချက်တွေ အားကောင်းလာ ရေး အပါအဝင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး လုပ်ငန်းတွေကို အားပေးကူညီသွားမယ်လို့ အိန္ဒိယ လွှတ်တော်အကြီးအကဲ Meira Kumar က မနေ့က ပြောလိုက်ပါတယ်။

2011.12.12
meira-kumar-india-305 အိန္ဒိယနိုင်ငံံ၏ အောက်လွှတ်တော်အကြီးအကဲ Meira Kumar ။
wikipedia

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းခေါင်းဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးဒေလီမြို့ လွှတ်တော်စာကြည့်တိုက် အဆောက်အအုံမှာ တွေ့ဆုံစဉ် အိန္ဒိယ အောက်လွှတ်တော် ဥက္ကဋ္ဌ Ms. Kumar က အခုလို ပြောကြားလိုက်တာပါ။

သူရ ဦးရွှွေမန်း ခေါင်းဆောင်တဲ့ မြန်မာ လွှတ်တော်ကိုယ်စားလှယ် ၃ဝ လောက်ဟာ အိန္ဒိယ လွှတ်တော်ကို သီတင်းတစ်ပတ်ကြာ လေ့လာဖို့ နယူးဒေလီမြို့မှာ ရောက်နေပါတယ်။ မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဟာ အိန္ဒိယဘဏ္ဍာရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော် ရေးရာဝန်ကြီး၊ လွှတ်တော်ခေါင်းဆောင်တွေ၊ ကော်မတီ အကြီးအကဲ တွေအပြင် အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒါ့အပြင် လွှတ်တော်နှစ်ရပ်လုံးရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ကြည့်ရှုလေ့လာဖို့ စီစဉ်ထားပြီး ဒေလီနဲ့ မွန်ဘိုင်းမြို့တွေက စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ သမိုင်းဝင် အရေးပါတဲ့ နေရာတွေကို သွားရောက် လေ့လာမယ်လို့ သိရပါတယ်။

သူရ ဦးရွှွေမန်း ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်တွေချည်း ဖြစ်ပြီး တိုင်းရင်းသားနဲ့ တခြားပါတီက ကိုယ်စားလှယ် မပါတာကြောင့် မျှတမှု မရှိသလို ပါတီစုံ ဒီမိုကရေစီနစ်နဲ့လည်း မညီဘူးလို့ အမည်မဖော်လိုတဲ့ လွှတ်တော်အမတ်တစ်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။