ဒုက္ခသည်တွေရဲ့ အချက်အလက်ကောက်တာရပ်ဖို့ India For Myanmar အဖွဲ့တောင်းဆို
2023.07.30

အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေကို အိန္ဒိယ အစိုးရက ကောက်ယူနေတာကို စိုးရိမ်ကြောင်းနဲ့ မှတ်တမ်းကောက်နေတာကို ရပ်တန့်ဖို့ India For Myanmar အဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
အိန္ဒိယအစိုးရက လက်ရှိကောက်ယူနေတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အချက်အလက်တွေ စစ်ကောင်စီထံကိုရောက်သွားမှာ စိုးရိမ်တာလို့ India For Myanmar အဖွဲ့ရဲ့ ဦးဆောင်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။ အခုကောက်ယူနေတဲ့ အချက်အလက်တွေ လုံခြုံစိတ်ချရတယ်ဆိုတာကို အိန္ဒိယအစိုးရက အာမခံချက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ လက်ဗွေ၊ မျက်နှာနဲ့ မျက်လုံးမှတ်တမ်းစတဲ့ အချက်အလက်တွေကို ဇီဝအချက်အလက်လို့ ခေါ်တာဖြစ်ပါတယ်။
စစ်ဘေးကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေရဲ့ဆန္ဒမပါဘဲ ဇီဝမှတ်တမ်းကောက်နေတာကို ရပ်တန့်ဖို့အပြင် အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ အနီးကပ် သံတမန်ဆက်ဆံရေးလုပ်နေတာကို ရပ်တန့်ဖို့လည်း India For Myanmar အဖွဲ့က ပြောထားပါတယ်။ ဒီတောင်းဆိုချက်တွေ အိန္ဒိယအစိုးရဆီရောက်အောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာဒုက္ခသည်တွေအရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ကုလအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဒုက္ခသည်တွေကို ယာယီနေထိုင်ခွင့်ကတ်တွေထုတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ပြီးခဲ့တဲ့အပတ်ကစပြီး ဇီဝအချက်အလက်တွေ ကောက်ယူနေတာ ဖြစ်ပြီး စက်တင်ဘာလကုန်မှာ အပြီးကောက်သွားမယ်လို့ အိန္ဒိယ အစိုးရကပြောကြောင်း ဒေသအခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
မဏိပူပြည်နယ်အပြင် မီဇိုရမ်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေရဲ့ အချက်အလက်တွေလည်း ကောက်သွားမယ်လို့ အိန္ဒိယအစိုးရက ပြောထားပါတယ်။
အိန္ဒိယနိုင်ငံမှာ စစ်ဘေးကြောင့် ထွက်ပြေးလာရတဲ့ မြန်မာဒုက္ခသည် ငါးသောင်းကျော် ခြောက်သောင်းနီးပါး ခိုလှုံနေတယ်လို့ India for Myanmar အဖွဲ့က ပြောပါတယ်။