အိန္ဒိယနယ်စပ် တမူးမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက် သေဆုံး

RFA Burmese
2024.10.24
အိန္ဒိယနယ်စပ် တမူးမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက် သေဆုံး တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: People's Defense Force - Tamu

စစ်ကောင်စီနဲ့ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်က အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းကို အောက်တိုဘာ ၂၃ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပါတယ်။

အိန္ဒိယနယ်စပ်အနီးက နန်းမွန်းတာရွာက တမူးခရိုင် တပ်ရင်း ၄ ရဲ့ ကာကင်းစခန်းကို စစ်ကောင်စီနဲ့ ကသည်းလက်နက်ကိုင်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တမူးခရိုင်တပ်ရင်း-၄ တပ်ရင်းမှူး ကိုအောင်ပြည့်ဖြိုးက RFA ကို ပြောပါတယ်။

"၂၃ ရက်နေ့ မနက် ငါးနာရီခွဲလောက်က ကျွန်တော်တို့တပ်ရင်း-၄ ကာကင်းကို စကစရယ် ပြည်သူ့စစ်ရယ် ဝင်စီးတာပေါ့၊ အဲမှာ ရဲဘော်သုံးယောက် အကျအဆုံးရှိပါတယ်၊ တစ်ဦးဒဏ်ရာရပါတယ်"

စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင်တွေဟာ ကာကင်းကိုသိမ်းအပြီး နန်းမွန်းတာရွာကို ဝင်လာချိန်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ကသည်းလက်နက်ကိုင်သုံးဦးသေဆုံးခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

နန်းမွန်းတာရွာက ကာကင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြန်လည်ထိုးစစ်ဆင်သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တာကြောင့် စစ်ရေးတင်းမာနေတယ်လို့လည်း ပြောပါတယ်။

နန်းမွန်းတာရွာဟာ တမူးနဲ့ ခါမ်းပါတ်မြို့ကြားမှာရှိပြီး အိန္ဒိယနယ်စပ်နဲ့ တစ်မိုင်ခွဲဝန်းကျင်သာဝေးပြီး ပန်းသာပျူစောထီးရွာနဲ့ လေးဖာလုံသာ ဝေးတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က  မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တမူးမြို့နယ် မြို့သစ်မြို့ကို မေလ ၁၁ ရက်နေ့က သိမ်းပိုက်ခဲ့သလို ခါမ်းပါတ်မြို့ကိုလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်‌နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။