ရခိုင်ပြည်နယ်အတွက် အိန္ဒိယအစိုးရ ဒေါ်လာ၂၅ သန်း လှူဒါန်း


2018.04.20
dr-winmyataye-nyipu-press-622.jpg ကိုဖီအာနန်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ကကျင်းပစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယအစိုးရက တနှစ်ကို အမေရိကန်ဒေါ်လာ ငါးသန်းနဲ့ ငါးနှစ် အတွက် ဒေါ်လာ ၂၅ သန်း ထောက်ပံ့ကူညီဖို့ အိန္ဒိယနိုင်ငံနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေး ထိုးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က ပြောပါတယ်။

နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဒီနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုတိယဝန်ကြီးက  ဦးစိုးအောင် က ပြောတာဖြစ်ပါတယ်။

"ရခိုင်ပြည်နယ်အတွက်ကို ကျနော်တို့ သီးသန့်ပေးထားတာဖြစ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ ပေးထားတာဖြစ်တဲ့ အတွက် ပညာရေးအတွက် ဘာတွေလိုမလဲ၊ ကျန်းမာရေးအတွက် ဘာတွေလိုမလဲ၊ စိုက်ပျိုးရေးအတွက် ဘာတွေလိုမလဲ၊ အသက်မွေးလမ်းကြောင်းအတွက် ဘာတွေလိုမလဲ နောက် ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ထိန်းသိမ်းဖို့အတွက်က ဘာတွေလုပ်ဖြစ်သလဲဆိုတာတွေရယ် နောက် အမျိုးသမီးများ စောင့်ရှောက်ခြင်းဖြစ်စဉ်နဲ့ ကလေးသူငယ်စောင့်ရှောက်ရေးကိစ္စတွေ ဒါတွေဆိုလို့ရှိရင်လည်း လူမှုကယ်ဆယ်ရေး နဲ့ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်၊ ဒါတွေကို ကျနော်တို့ဆီကို အမြန်ဆုံးတင်မှ လုပ်ငန်းကိုအကောင် အထည်ဖော်နိုင်မှာဖြစ်ပါတယ်"

အိန္ဒိယနိုင်ငံက ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ၂၀၁၂ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တနှစ်ကို ကန်ဒေါ်လာ ငါးသန်းနှုန်းနဲ့ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ကုလားတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖေါ်နေ တာဖြစ်ပြီး စစ်တွေဆိပ်ကမ်းကနေ ချင်းပြည်နယ် ပလက်ဝအထိ ရေလမ်းကြောင်းကို ဖေါက်လုပ်နေပါတယ်။ ပလက်ဝကနေ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်အထိ ကားလမ်းဖေါက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ အစည်းအဝေးမှာ ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်စခန်းအားလုံးကို ပိတ်သိမ်းရေးအတွက် ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်စခန်းအားလုံးကို အမြန်ဆုံးပိတ်သိမ်းပြီး ပြန်လည်နေရာ ချထားရေးကို ဆောင်ရွက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ အစည်းအဝေး မှာ ပြောခဲ့ပါတယ်။ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်ထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည် စခန်းတွေမှာ လူဦးရေ တစ်သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်တွေကို နေရာချထားရေးအတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကျေးရွာ ၂၃ ခု နဲ့ တောင်ပိုင်းမှာ  ၈ ခု ကျေးရွာ စုစုပေါင်း ၃၁ ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။