မြန်မာနိုင်ငံကို အိန္ဒိယ အနီးကပ်စောင့်ကြည့်
2024.12.21

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ အိမ်နီးချင်း မြန်မာနိုင်ငံက အဖြစ်အပျက်တွေ အနီးကပ် စောင့်ကြည့်နေတယ်လို့ အိန္ဒိယက ပြောကြားတဲ့အကြောင်း PTI သတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာ အထူး အနီးကပ်စောင့်ကြည့်နေတယ်လို့ အပတ်စဉ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Randhir Jaiswal က သောကြာနေ့က ပြောကြားတယ်လို့ ဆိုပါတယ်။
နိုင်ငံ ပြန်လည်ငြိမ်းချမ်းတည်ငြိမ်ဖို့ မြန်မာက ဦးဆောင်ပြီး မြန်မာ့လုပ်ငန်းစဉ်ကို အိန္ဒိယက ထောက်ခံတယ်လို့လည်း ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက အလွတ်သဘောကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri တက်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်တွေမှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေကို ရန်ကုန်ကို ဧပြီက ပြောင်းရွှေ့ခဲ့ပေမဲ့ ကောင်စစ်ဝန်ရုံးလုပ်ငန်း လည်ပတ်နေတုန်းပဲလို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အိန္ဒိယက အကုန်အကျခံတဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု စီမံချက်တွေရှိပြီး ဒါတွေဟာ မြန်မာပြည်သူတွေ အကျိုးစီးပွားအတွက်လည်း ရည်ရွယ်ကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် အိန္ဒိယရပ်တည်ချက်က တစ်သမတ်တည်းရှိကြောင်းလည်း ပြောပါတယ်။
အကြမ်းဖက်မှုအားလုံး ရပ်ဆိုင်းဖို့၊ ငြိမ်းချမ်းတည်ငြိမ်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးကတစ်ဆင့် တိုင်းရင်းပြဿနာအဖြေရှာဖို့ တောင်းဆိုကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားပါတယ်။