စစ်လက်နက်အထောက်အပံ့ ရပ်ဆိုင်းရေး အိန္ဒိယ အစိုးရကို ဆန္ဒပြ

မြန်မာအစိုးရကို စစ်လက်နက် ပစ္စည်း ထောက်ပံ့နေတာတွေ ရပ်တန့်ပေးဖို့ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက အိန္ဒိယ အစိုးရကို ဒီကနေ့ မနက်ပိုင်းက နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။

2011.07.22

မြန်မာ့ ဒီမိုကရေစီရေး အဖွဲ့အစည်းများ စုပေါင်း ပါဝင်တဲ့ လူငါးဆယ်ကျော်ခန့်က ဆန္ဒပြခဲ့တာ ဖြစ်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် မသင်းသင်းအောင်က ပြောပါတယ်။

“အိန္ဒိယနိုင်ငံက ကျမတို့ တိုင်းပြည်က ပြည်သူပြည်သားတွေ တိုင်းရင်းသား လူမျိုးတွေကို အခု လက်ရှိမှာပဲ ကျမတို့ ကြားနေရတဲ့ သတင်းတွေအရ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စသဖြင့်ပေါ့။ တိုင်းရင်းသား ဒေသတွေမှာ ဖိနှိပ် နှိပ်စက်ပြီးတော့မှ တိုက်ခိုက် သတ်ဖြတ်နေတဲ့ ဒီလိုတိုက်ပွဲတွေ ဖြစ်နေပြီးတော့မှ ဒီစစ်အစိုးရရဲ့ လက်ထဲကို လက်နက်တွေကို ထည့်ပေးလို့ သူတို့ လက်နက်တွေကို ပံ့ပိုးတဲ့ အတွက်ကြောင့်မိုလို့ လာပြီးတော့ စုရုံး ကန့်ကွက် ဆန္ဒပြခြင်း ဖြစ်ပါတယ်။”

နယူးဒေလီကို အမေရိကန် သမ္မတ အိုဗားမား လာရောက်ခဲ့စဉ်ကလည်း မြန်မာ့အရေးကို ပိုမို လုပ်ဆောင်အောင် အိန္ဒိယ အစိုးရကို တိုက်တွန်းခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယနိုင်ငံ ချင်နိုင်မြို့မှာ မြန်မာပြည် ဒီမိုကရေစီ အရေးကို ကူညီ ထောက်ခံပေးဖို့ ပြောကြား ခဲ့ပါတယ်။ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်လို့လည်း မသင်းသင်းအောင်က အခုလို ပြောပါတယ်။

“အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့က partner တွေ ဖြစ်တယ်။ နှစ်နိုင်ငံလုံးက ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်နေတဲ့အခါ ကျတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ အရေးမှာ အမေရိကန် အစိုးရဟာ တကယ်ပဲ တစိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ အစိုးရတခု ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ သူရဲ့ ပါတနာ သူရဲ့ မိတ်ဆွေ အိန္ဒိယနိုင်ငံရဲ့ ပံ့ပိုးမှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ အရမ်း အရေးကြီးတယ် ဆိုတာ နားလည် သဘောပေါက်တဲ့ အတွက်ကြောင့်မိုလို့ သူတို့နဲ့ အတူတူပဲ ကမ္ဘာ့ အသိုင်းအဝိုင်းနဲ့ အတူတူပဲ အိန္ဒိယနိုင်ငံက ပူးပေါင်း ဆောင်ရွက်မှုကို ပေးစေချင်တယ်။ ဒါကြောင့်မို့ လည်း အမြဲတမ်း တိုက်တွန်းတာလို့ ကျမထင်ပါတယ်။”

အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ် အခြေစိုက် ခေါနုသုန်သတင်းဌာနရဲ့ ဒီလ (၁၁) ရက်နေ့ သတင်းအရ အိန္ဒိယ အစိုးရဘက်ကနေ စစ်ကုန်တင်ကား ၅၂ စင်းနဲ့ စစ်လက်နက်တွေကို မြန်မာ အစိုးရဘက်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

ဒီဆန္ဒပြပွဲ ပြုလုပ်နေစဉ်မှာပဲ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနတွေကို လိပ်မူပြီး သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။