လွတ်လပ်ရေးနေ့ ကြေညာစာတမ်း မိတ္တူများကို နေရာအနှံ့ဝေငှ
2014.01.03
ဒီနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အခြေစိုက် Culture Impact Study ခေါ် ယဉ်ကျေးမှုများရဲ့ အကျိုးဆက်လေ့လာရေးလို့ အမည်ရတဲ့လူငယ်အဖွဲ့က လွတ်လပ်ရေးနေ့ ကြေညာစာတမ်းမိတ္တူတွေ နေရာအနှံ့ဝေငှမယ်လို့ သိရပါတယ်။
လွပ်လပ်ရေးကြေညာစာတမ်းပါ အချက်အလက်တွေကို မြန်မာနိုင်ငံသားတွေသိအောင် ဆောင်ရွက်တာဖြစ်သလို၊ အဲဒီစာရွက်တွေကို လူစည်ကားရာအရပ်တွေမှာ မနက် ၈ နာရီကနေ ညနေ ၄ နာရီအတွင်း ရွက်ရေတစ်သောင်းဝေမယ်လို့ CIS အဖွဲ့အမှုဆောင်တစ်ဦးဖြစ်တဲ့ မငြိမ်းချမ်းမေက RFA ကိုပြောပါတယ်။
“အဓိကကကတော့ ညီမတို့တိုင်းပြည်မှာ လွတ်လပ်ရေး ကြေညာစာတမ်းရှိတယ်ဆိုတာတောင် မသိတဲ့လူတွေ တော်တော်များနေတယ်၊ နောက်တစ်ချက်ကျတော့ ဒီလွတ်လပ်ရေးနေ့ ကြေညာစာတမ်းထဲမှာ ကျမတို့ရဲ့ဘိုးဘေးတွေက ဘာကြောင့်မို့ လွတ်လပ်ရေးယူပေးခဲ့တယ်၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့မို့လို့ အရယူပေးခဲ့တယ်ဆိုတာပါတယ်၊ ဒါတွေကို သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျမတို့လုပ်ဖြစ်တာပါရှင့်”
ဒီအတောအတွင်းမှာပဲ မကွေးတိုင်း ရေနံချောင်းမြို့ လယ်ပေါ်သာသနာ့ဗိမာန်မှာ ဒီနေ့မနက် ၄ နာရီ မိနစ် ၂၀ က လွတ်လပ်ရေးအထိမ်းအမှတ် ဥသြဆွဲပြီး မီးရှူးမီးပန်းဖေါက်သလို၊ သံဃာတွေကို ဆွမ်းလောင်းခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရေနံချောင်းဒေသခံ ဦးသန်းထွဋ်က RFA ကိုပြောပါတယ်။
“လွတ်လပ်ရေးရတဲ့အချိန်မှာ မီးရှူးမီးပန်းတွေဖောက်တယ်၊ ဥသြဆွဲတယ်၊ ဥသြဆွဲတာလည်း သူတို့ခွင့်ပြုမိန့် ပေးပြီးသားပေါ့နော်၊ နှစ်တိုင်းလုပ်နေကျပေ့ါလေ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပေ့ါ၊ သံဃာတွေကို ခုမနက်ဆွမ်းကြီးလောင်းတယ်၊ ညနေကျတော့ သံဃာတွေကို လွတ်လပ်ရေးနေ့ အောင်ပွဲအထိမ်းအမှတ်ပေါ့ စာရေးတံမဲဖောက် ကြားထဲမှာလည်း ဗိုလ်ချုပ်မိန့်ခွန်းတွေ ဘာတွေဖွင့်တယ်ဗျ အလှူခံမှာ”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ရွှေဂုံတိုင် ဌာနချုပ်မှာ မနက် ၁၁ နာရီကစပြီး ကျင်းပမယ်လို့ ကြေညာထားပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။ အဲဒီသဝဏ်လွှာထဲမှာ တဘက်သတ်ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်ပြီး ကျင်းပနိုင်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွေအတွက် နိုင်ရေးအင်အားစုတွေအားလုံး တွေ့ဆုံဆွေးနွေးမှ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်မီးကို ညှိမ်းသတ်နိုင်ပြီး မျှတတဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံသားတိုင်းခံစားနိုင်ဖို့ ဆန္ဒပြုလိုက်တဲ့အကြောင်း ရေးသားထားပါတယ်။