အင်းတော်ကြီးတစ်ဝိုက် ရွှေတူးတဲ့ စက်ယန္တရားတွေကို စစ်ကောင်စီတပ် ဖမ်းဆီးနေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတစ်ဝိုက် တရားမဝင် ရွှေတူးဖော် နေတဲ့ စက်ယန္တရားတွေကို အောက်တိုဘာ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးနေတယ်လို့ အင်းတော်ကြီး မိုင်းနောင်ရွာ ဒေသခံတွေက ပြောပါတယ်။
“ဖမ်းနေတာက ၈ ရက်နေ့က ဟုတ်တယ်။ အခုက ၂၀ လောက် ဖမ်းထားတယ်လို့လည်း ကြားရတာ၊ အတိအကျတော့ မသိဘူး။ နေပြည်တော်ကနေ တိုက်ရိုက်လာပြီး ဖမ်းတာ တဲ့။ လုံးတုံရွာ စစ်တပ်ဘက်ကို မောင်းသွားတာက သုံးစီးပဲတွေ့တယ်။ ကျန်တာတွေကို တော့ ရွာမှာပဲဖမ်းပြီး သိမ်းထားတာထင်တယ်။ အခုက ရွှေတူးတဲ့ လုပ်ကွက်တွေမှာ ဘက်ဖိုးတစ်စီးမှ မရှိတော့ဘူး”
စစ်တပ်အာဏာသိမ်းပြီးနောက် အင်းတော်ကြီးအနီးက မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင် စတဲ့ရွာတွေမှာ စက်ယန္တရားကြီးတွေ အပါအဝင် မြေတူးဘက်ဖိုး ၁၉၁ စီးနဲ့ တရားမဝင် ရွှေတူးဖော်နေကြတာလို့ ရွှေတူးဖော်မှုကို စစ်တမ်းကောက်ယူနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
အင်းတော်ကြီးဒေသတစ်ဝိုက်မှာ တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးလာသလို သောက်ရေအတွက် ခက်ခဲလာတဲ့အပြင် ငါးတွေလည်း ရှားပါလာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
မမုံကိုင်ရွာခံတစ်ဦးကတော့ အခုဖမ်းနေတာ မြေတူးတဲ့ ဘက်ဖိုးတွေကိုသာဖြစ်ပြီး လုပ်ငန်းရှင်တွေကို ဖမ်းတာတော့ မကြားမိဘူးလို့ RFA ကို ပြောပါတယ်။
“သတင်းကြားတော့ တချို့က ထွက်ပြေးတဲ့သူတွေက ထွက်ပြေးတယ်။ အိမ်ကို မောင်း သွားတဲ့သူတွေလည်း ရှိတယ်။ လူတွေကို ဖမ်းတာတော့ မကြားမိဘူး။ ဖမ်းထားတဲ့ ဘက်ဖိုးတစ်စီးကို တစ်သိန်း တောင်းတယ်လို့လည်း ကြားနေရတယ်။ ပိုက်ဆံရှာတာ ပဲလားတော့ မသိဘူး”
စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်က စစ်ကောင်စီတပ်သားတွေ အင်းအားအလုံးအရင်းနဲ့ ရောက်လာပြီး ဖမ်းဆီးနေတာလို့လည်း ဆိုပါတယ်။
ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ စစ်ကောင်စီတပ်ကနေ ဖမ်းဆီးအရေးယူနေတာဖြစ်ပြီး ရွှေတူးတဲ့ ဘက်ဖိုးနဲ့ စက်ယန္တရား တွေကိုပါ ဖမ်းဆီးတာလို့ ပြောပါတယ်။
အရှေ့တောင်အာရှမှာ တတိယအကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် သတ်မှတ်ခံထား ရတဲ့ အင်းတော်ကြီးကန် အတွင်းကို အခုနှစ်ပိုင်းအတွင်း ရွှေးတူးဖော်ရာကနေ ထွက်လာတဲ့ အညစ်အကြေးတွေ စုပြုံပြီး ဝင်ရောက်နေတာကြောင့် တိမ်ကောစပြုလာပြီလို့ ဒေသခံ တွေက ပြောပါတယ်။
Google Earth ကောင်းကင်မြေပုံကနေ ရရှိတဲ့ခန့်မှန်းချက်အရ အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုကြောင့် မြေဧက ခြောက်ထောင်ကျော်လောက်ဟာ မြေစာပုံတွေအဖြစ် ပျက်စီးနေပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။
အင်းတော်ကြီးကန်ဟာ အာဆီယံအမွေအနှစ်စာရင်းဝင် ဒေသဖြစ်တဲ့အပြင် အင်းတော်ကြီးဘေးမဲ့တောကိုလည်း ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ဇီဝအဝန်းနယ်မြေအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။