တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အင်းတော်မြို့နယ်မှာ ဒေသခံနှစ်ဦး အသတ်ခံရ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက ဒေသခံ ပြည်သူနှစ်ဦး ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တွေက ပြောပါတယ်။
အသတ်ခံရသူ နှစ်ဦးဟာ အင်းတော်မြို့နယ် ဟင်းနု အလယ်ရွာက အသက် ၃၇ နှစ်အရွယ် ဦးမောင်ဦးနဲ့ မန်ထုံတောင်ကြီး ကျေးရွာက အသက် ၃၉ နှစ်အရွယ် ဦးသိန်းတန်တို့ ဖြစ် တယ်လို့ Indaw Revolution IR အဖွဲ့က ပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါ တယ်။
“တစ်ယောက်က ဟင်းနု အလယ်ရွာက ဖမ်းမိပြီးမှ နန့်သဲကျေးရွာမှာ အသတ်ခံလိုက်ရတာ။ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ အသတ်ခံရတာ။ မန်ထုံတောင်ကြီးကျေးရွာက တစ်ယောက်ကလည်း ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ အသတ်ခံရတာ။ သူက မန်ထုံတောင် ကြီးရွာကနေ အင်းတော်ကိုသွားတာ လမ်းမှာမိပြီး အသတ်ခံလိုက်ရတာ။ သူတို့ ရွာကနေ အင်းတော်ကိုသွားရင် အောင်းကုန်းရွာကို ဖြတ်ရတယ်။ အဲဒီမှာ ဖမ်းပြီး ရိုက်သတ်လိုက် တာတဲ့”
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်တွေက သူတို့ ဒေသကို ဝင်ရောက်လာတဲ့ အတွက် အင်းတော်မြို့နယ်က အောင်းကုန်းရွာနဲ့ မန်လည်ရွာက ဒေသခံ ၃၅၀၀ ဝန်းကျင်လည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ အင်းတော်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မန်ထုံတောင်ကြီး ကျေးရွာနဲ့ အနီးဆုံးရွာဖြစ်တဲ့ အောင်းကုန်းရွာ ကို အဲဒီ စက်တင်ဘာ ၂၈ ရက် နေ့ မနက်မှာပဲ ဝင်ရောက် မီးရှို့ခဲ့လို့ လူနေအိမ် ငါးလုံး မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်ဒေသခံတွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေ ကြားခြင်း မရှိပါဘူး။
အင်းတော်မြို့နယ်မှာ အခုလက်ရှိ စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ခုရှိနေတယ်လို့ Indaw Revolution IR အဖွဲ့က ပြောပါတယ်။
စက်တင်ဘာ ၂၈ နေ့က အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ PDF တွေ ကြား အင်းတော်မြို့နယ် မဲဇာကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းနဲ့ပဲ အင်းတော်မြို့နယ်ထဲက တန်ဘိုနဲ့ လယ်နောင် ကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အင်အား ၁၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် နောက်ထပ် စစ်ကြောင်းတစ်ခုကိုလည်း စက်တင်ဘာ ၂၉ ရက်နေ့ က PDF တွေက အင်းတော်မြို့နယ်ထဲက အင်ပင်ရွာထိပ်မှာ မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ ၂၉ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ PDF တွေဘက်က နှစ်ဦး သေဆုံးခဲ့သလို စစ်ကောင်စီ ဘက်ကလည်း ခြောက်ဦး သေဆုံးခဲ့တယ်လို့ Indaw Revolution IR ဘက်က ပြောပေမယ့် စစ်ကောင်စီဘက်က သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည် ပြုနိုင်တာ မရှိသေးပါဘူး။