ရခိုင်ပြည်နယ်မှာ စစ်ဘေး ဒုက္ခသည် ၁ သောင်းကျော်ထိ ရှိလာ


2019.03.06
mrauku-refugees-622.jpg AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ခိုင်မင်းသျှင်

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ တစ်သောင်းကျော် ရှိသွားပြီလို့ စစ်ဘေးဒုက္ခသည် စစ်တမ်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးထံမှ သိရပါတယ်။

စာရင်းတွေက အတိအကျပြောလို့မရသေးပေမယ့် မြောက်ဦးမြို့နယ်မှာဆိုရင် ဒီနေ့အထိ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်း ၁၄ ခုမှာ စစ်ဘေးဒုက္ခသည် ၃ ထောင်အထိ တိုးလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ဒါကြောင့် မြောက်ဦးမြို့နယ် အပါအဝင် ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော် စတဲ့မြို့နယ်တွေက စစ်ဘေးဒုက္ခသည်စခန်း ၃၉ ခုမှာ အခုအခါ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ အစားအသောက်တွေ၊ သောက်သုံးရေတွေနဲ့ ကျန်းမာစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်လာမှာစိုးတာကြောင့် ဒီနေ့စတင်ဖြေဆိုကြတဲ့ တက္ကသိုလ်ဝင်တန်းစားမေးပွဲကို မြောက်ဦးမြို့နယ်ရှိ ကျီပြင်စာစစ်ဌာနနဲ့ ရသေ့တောင်မြို့နယ် ကျောင်းတန်းစာစစ်ဌာန ၂ ခုကို ပြောင်းရွေ့စစ်ဆေးခဲ့ရတယ်လို့ ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့စတင်ဖြေဆိုတဲ့ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစားမေးပွဲကို ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၁၂၀ ကျော်မှာ ကျောင်းသားကျောင်းသူ ၄ သောင်းခွဲကျော်က စာမေးပွဲဖြေဆိုခွင့်ရှိပေမယ့် ကျောင်းသား ၃ ထောင်ကျော် လာရောက်ဖြေဆိုတာမရှိဘူးလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။