စစ်ဘေးဒုက္ခသည် ၃သောင်းကျော်အထိ ရှိခဲ့
2019.04.08

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ လူဦးရေ ၃၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက RFA ကို ဒီနေ့ပြောပါတယ်။
အဲဒီအထဲက နေရပ်ပြန်သွားသူ ၄၀၀၀ ကျော်လောက် ရှိတာကြောင့် ဧပြီလ ၆ ရက်နေ့အထိ စာရင်းတွေအရ စစ်ဘေးဒုက္ခသည်ဦးရေ ၂၇၀၀၀ ကျော်ရှိနေတယ်လို့လည်း ဦးရဲမင်းဦးက ပြောပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေက ကယ်ဆယ်ရေးစခန်းတွေမှာ ယာယီ မှီခိုနေကြတာဖြစ်ပါတယ်။
အစိုးရအနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၃၁၀၀၀ ကျော်အတွက် ငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ အဝတ်အထည်တွေ ထောက်ပံ့ပေးခဲ့ပြီး ကျန်နေတဲ့သူတွေကိုလည်း ကူညီပေးသွားမယ်လို့ ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ အခုနောက်ပိုင်း ထွက်ပြေးသူ စစ်ဘေးဒုက္ခသည် IDP အတော်များများဟာ အစိုးရ တပ်မတော်ဘက်က သူတို့ရဲ့ကျေးရွာအတွင်းကို နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ ပစ်ခတ်မှုတွေပြုလုပ်လာမလား ဆိုတဲ့ စိုးရိမ်ကြောက်လန့်မှုတွေကြောင့် ထွက်ပြေးလာကြသူတွေ များလာတာကိုတွေ့ရပါတယ်။
ဧပြီလ ပထမပတ်အတွင်းက မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအချို့ကို RFA က သွားရောက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာတွေက ဒေသခံတွေလည်း နီးစပ်ရာကိုထွက်ပြေးနေကြတာကို မြင်တွေ့ရပါတယ်။
"အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ် လုံခြုံရေးက။ သူတို့က တွေ့တဲ့လူကိုပစ်တယ်။ မသင်္ကာတဲ့လူတွေဆိုလည်း ဖမ်းဆီးသွားပါတယ်"
အောက်သားကန်ကျေးရွာကနေ မိသားစုတစ်ခုလုံး ထွက်ပြေးလာတဲ့ ကိုပေါက်စက ပြောဆိုသွားတာပါ။
အဲဒီကျေးရွာက နောက်ထပ်လူကြီးတစ်ဦးဖြစ်တဲ့ ဦးလှထွန်းဖြူကလည်း-
"ဘာကိုကြောက်လဲဆိုတော့ ကျွန်တော်တို့က ပစ်ခတ်ခံရပြီး သေရမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့်လုံခြုံတဲ့ နေရာကိုထွက်ပြေးရတာပါ" လို့ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မတ်လ ၂၆ ရက်နေ့က RFA ကိုပြောဆို ချက်အရ အစိုးရတပ်မတော်အနေနဲ့ လမ်းခုလတ်မှာ အငိုက်ဖမ်းပြီး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေ များနေတဲ့အတွက် ဖြစ်စဉ်ဖြစ်ပွားရာ အနီးအနားကျေးရွာတွေက မသင်္ကာတဲ့လူတွေကို ခေါ်ယူမေးမြန်းတာတွေရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒေသခံအများစုဟာ အစိုးရတပ်မတော်သားတွေကို တွေ့တာနဲ့ ကြောက်လန့်ပြီးထွက်ပြေးကြတာ၊ ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ပုန်းနေတာ စတဲ့ဖြစ်စဉ်တွေ ရှိနေပါတယ်။
တပ်မတော်သားတွေကိုတွေ့တာနဲ့ ထွက်ပြေးတဲ့ဖြစ်ရပ်တွေလည်းရှိတာကြောင့် အစိုးရတပ်မတော်သားတွေ ဘက်ကလည်း မယုံသင်္ကာဖြစ်တာတွေ ပိုမိုတိုးပွားစေတယ်လို့ မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၅၊ ၁၈ ရက်နေ့ညတွေက မြောက်ဦးမြို့ပေါ်နဲ့ မတ်လ၂၉ ရက်နေ့က အောက်သားကန် ကျေးရွာတွေမှာ မျက်မြင်သက်သေဒေသခံတွေရဲ့ပြောဆိုချက်အရ အစိုးရတပ်ဘက်က ပစ်ခတ်တာတွေ ရှိခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ သတင်းတွေကြောင့် ဒေသခံတွေအကြားမှာ အစိုးရတပ်မတော်အပေါ် ကြောက်ရွံ့မှုတွေ ပိုကြီးနေတာကို တွေ့ရပါတယ်။
ဒါကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြောက်ဦးမြို့နယ် ဘူးရွက်မညှိုး၊ လက္ကာ၊ တိန်ညို စတဲ့ကျေးရွာတွေအပြင် အခြားကျေးရွာတွေ အတော်များများက ဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတဲ့ ကျေးရွာတွေဆီကို ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။
နေပြည်တော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်သူတွေရဲ့ ပြောကြားချက်အရ AA အဖွဲ့က ခြုံခိုပစ်ခတ်မှုကြောင့် ပြန်လည်ပစ်ခတ်ရတာလို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ AA အဖွဲ့ကတော့ ဒေသခံတွေ ပစ်ခတ်ခံရတဲ့ကျေးရွာတွေမှာ သူတို့အဖွဲ့အနေနဲ့ ပစ်ခတ်တာ၊ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ မတ်လ ၂၉ ရက်နေ့က ငြင်းဆိုထားပါတယ်။
"ကျွန်မတို့ပြည်သူလူထုတွေက သူတို့ကိုကြောက်တယ်။ သူတို့လာတယ်၊ သူတို့က ရမ်းသမ်းပြီးတော့ ပစ်ခတ်တယ်။ ကျွန်မတို့က ကြောက်တယ်။ ပြေးရတယ်။ အိမ်မှာ တစ်ရက်ပြည့်အောင် မနေရဘူး။ စိတ်ချမ်းချမ်းသာသာနဲ့ မနေရဘူး။ တစ်နေ့တစ်နေ့ သူတို့လာပြီဆိုရင် ကျွန်မတို့က ပြေးရတာပဲ"
မြောက်ဦးမြို့နယ် ဘူးရွက်မညိုးကျေးရွာကနေ တင်းထိန်ကန်ကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ဒေါ်လှဝင်းကြည် ဖြစ်ပါတယ်။
မတ်လ ၂၉ ရက်နေ့က အောက်သားကန်ကျေးရွာမှာ ပစ်ခတ်ခံရမှုတွေ ကြုံရတာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး လူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီအထဲက ဦးခေါင်းနဲ့ ကိုယ်လက်တွေမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ မပေါက်စမဟာ ရန်ကုန်မှာ ဆေးကုသဖို့ ဧပြီလ ၄ ရက်နေ့က အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် တပ်မတော်အပေါ်မှာ ဒေသခံတွေရဲ့ အမြင်ပြောင်းလဲမှုတွေရှိနေတာကို တွေ့ရပါတယ်။
"သူတို့က ဘာမှမဟုတ်တဲ့ ပြည်သူလူထုကိုဒုက္ခပေးလို့ ကျွန်တော်တို့က ကြောက်သွားတာ။ ကြောက်တာ တွေရော၊ သူတို့ကို အယုံအကြည်မရှိတာရော ဖြစ်ကုန်တာပေါ့။ အဲတော့ ကျွန်တော်တို့ရွာတွေကို အဲလိုမျိုးမလုပ်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့အတွက်လည်း ဘာမှမဖြစ်ပါဘူး။ သူတို့ကိုလည်း ဘာမှသံသယ ဖြစ်မှာမဟုတ်ပါဘူး။ အခုတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ၊ ကျွန်တော်တို့ ရွာသားတွေ ဒုက္ခအမျိုးမျိုး ရောက်ရလို့ ကျွန်တော်တို့က သူတို့တွေကို ယုံလည်းမယုံတော့ဘူး။ ကြောက်လည်းကြောက်သွားပြီ"
အောက်သားကန်ကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးစိုးဝေ ပြောဆိုသွားတာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကြောက်လန့်ထွက်ပြေးတဲ့ဒေသခံတွေဟာ သူတို့ရဲ့ကျေးရွာတွေကို ပြန်ခဲ့တာရှိပေမယ့် အနီးအနားမှာ တပ်စွဲထားတဲ့ အစိုးရတပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိတာကြောင့် ကိုယ့်ရပ်ရွာမှာ ဆက်မနေရဲဘဲ ကယ်ဆယ်ရေးစခန်းတွေဆီကို ထပ်ပြီးထွက်ပြေးတာတွေလည်း ရှိနေပါတယ်။
တိန်ညိုကျေးရွာကနေ တင်းထိန်ကန်ကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ဦးသိန်းထွန်းက -
"တပ်မတော်က ညပိုင်းဆိုရင် သေနတ်တွေ တဒိုင်းဒိုင်းပစ်တော့ သူတို့ရွာထဲဝင်လာမှာကို ကြောက်တယ်။ သူတို့ကိုပဲကြောက်ပြီး ဒီကိုပြေးလာတာ"
မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်းဖြစ်၊ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ မြောက်ဦးမြို့ခံ ဦးထွန်းလှိုင်က တပ်မတော်အနေနဲ့ ဒေသခံပြည်သူတွေက ယုံကြည်ချစ်ခင်လာအောင်ကြိုးစားသင့်တယ်လို့ သူ့အမြင်ကို အခုလိုပြောပြပါတယ်။
"တိုက်ပွဲမဖြစ်တဲ့ရွာတွေမှာ ဆိုးဆိုးရွားရွားခံစားနေကြရတဲ့ အပိုင်းတွေကြားနေရတာက ကျွန်တော်တို့ သိပ်ပြီး စိတ်မချမ်းသာစရာ ဖြစ်နေတယ်။ အဲဒီကို တိုက်ပွဲမဖြစ်တဲ့ရွာတွေမှာ အဲဒီလိုထိခိုက်နစ်နာအောင် မလုပ်သင့်ဘူး၊ မလုပ်ထိုက်ဘူး၊ ပြည်သူမုန်းအောင် မကြိုးစားသင့်ဘူး၊ ပြည်သူချစ်အောင်ပဲ လုပ်သင့်တယ်လို့ မြင်ပါတယ်"
အစိုးရတပ်မတော်ဘက်က ပစ်ခတ်မှုတွေကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်မှုရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ စုံစမ်းဖို့ရှိ၊ မရှိကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မတ်လ ၂၉ ရက်နေ့က RFA က မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့ပါတယ်။
"ကျွန်တော်တို့က ဘယ်ကိစ္စမဆိုပဲ ပြည်သူလူထုနဲ့ ပတ်သက်လာမယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ဒိပြင်ကိစ္စတွေနဲ့ ပတ်သက်လာရင်၊ ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုရှိတယ်ဆိုရင်ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က စုံစမ်းစစ်ဆေးတာတို့၊ သူ့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်တာတို့ကတော့ မည်သည့်နေရာမှာမဆို ကျွန်တော်တို့ကရှိတယ်"
ကြောက်လန့်ပြီးထွက်ပြေးနေရသူတွေဟာ အစိုးရတပ်မတော်အနေနဲ့ AA အဖွဲ့ရှိတဲ့နေရာတွေမှာသာ တိုက်ခိုက်ဖို့နဲ့ အရပ်သားတွေကို ထိခိုက်အောင်မလုပ်ဖို့တောင်းဆိုကြပါတယ်။
ကျေးရွာတွေကို ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာဟာ AA အဖွဲ့က ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်တာတွေရှိတာကြောင့်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို မတ်လ ၂၉ ရက်နေ့ကပြောဆိုထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး AA ရက္ခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ AA အဖွဲ့အနေနဲ့ အရပ်သားတွေကို ထိခိုက်စေနိုင်တဲ့ ရပ်ရွာတွေထဲမှာ တိုက်ခိုက်တာတွေ လုံးဝမလုပ်ဘူးလို့ တုန့်ပြန်ထားပါတယ်။
တိုက်ပွဲမဖြစ်ဘဲ ဒေသခံတွေ ထွက်ပြေးနေရတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရဘက်က ကြားဝင်ညှိနှိုင်း ဖို့လိုအပ်တယ်လို့ ဒေသခံလူကြီးတွေက ထောက်ပြကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူက အခုလိုတုံ့ပြန်ပါတယ်။
"ကျွန်တော်တို့ တပ်ဘက်ပိုင်းက ရပ်နားတယ်ပဲထားဦး တစ်ဘက်က မရပ်နားဘူးဆိုရင် ဒီဟာက ဆက်ဖြစ်နေမှာပဲ။ ဆိုတော့ နှစ်ဘက်မှာ ဒီဘက်က အစိုးရအဖွဲ့အနေနဲ့ တပ်ဘက်ပိုင်းကိုရပ်စဲဖို့ ပြောဆိုပေးနိုင်သလို တစ်ဘက်ကလည်း ဟိုဘက်အဖွဲ့အစည်းတွေကို ဒေသခံပြည်သူတွေ၊ ဒေသခံ သြဇာတိက္က မရှိတဲ့ပြည်သူတွေ၊ ရဟန်းရှင်လူပြည်သူတွေက ကဲငါတို့ကတော့ ဒီလိုဖြစ်တဲ့အတွက်ကြောင့် ငါတို့ အရမ်းပင်ပန်းနေပြီ၊ ဒါကြောင့်မို့လို့ ဒီစစ်ပွဲကို မင်းတို့လည်းရပ်ကြတော့၊ ဒီဘက်ကလည်း ရပ်ကြတော့ ဆိုလို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ ၂၈ ရက်နေ့အထိ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေထဲက သေဆုံးသူ ၁၂ ဦးနဲ့ ဒဏ်ရာရသူ ၂၀ ဦးရှိခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီအရပ်သားတွေ သေဆုံး၊ ဒဏ်ရာရတဲ့ကိစ္စဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို တိတိကျကျ ထုတ်ဖော် ပြောဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင် စတဲ့မြို့နယ် ၆ ခုမှာ ဧပြီလ ၆ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေဟာ လူပေါင်း ၂၇၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
ဒီနှစ်ဘက် တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသူစုစုပေါင်း ၃၁၀၀၀ ကျော်အထိရှိခဲ့ပြီး အဲဒီအထဲက နေရပ်ပြန်သူ ၄၀၀၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက RFA ကိုပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။