အစိုးရဝန်ထမ်း လစာတိုးမြှင့်ရေး အရေးကြီးအဆို တင်သွင်း


2014.11.12
dassk-parliment-305.JPG ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ တွေ့ရစဉ်
photo: Myo Thant Khaing/RFA

လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံ့ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ စရိတ်တွေကို တိုးမြှင့်သတ်မှတ်ပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုမှာ ထည့်သွင်းထားတဲ့ အကြောင်းအရာတွေ များလွန်းတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဆွေးနွေးဖို့မှာ အခက်အခဲရှိကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ကျမအနေနဲ့တော့ ခွဲခြားပြီးတော့ ဆွေးနွေးပြီးတော့ အဆိုတင်သွင်းမှ လွှတ်တော်အနေနဲ့ မှန်မှန်ကန်ကန် တိတိကျကျ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ထင်ပါတယ်၊ အကြောင်းအရာ ၃ ခုကို ကျမဆိုလိုချင်တာက ဘာလဲဆိုတော့ တစ်ခုကတော့ ဝန်ထမ်းများရဲ့လစာပါ၊ နောက် တစ်ခုက ဥပဒေများ ထုတ်ပြီးတဲ့အခါမှာ နည်းဥပဒေများ စည်းမျဉ်းစည်းကမ်းများကို အချိန်မီထုတ်ပြန်ရေး ကိစ္စပဲ၊ နောက်တစ်ခုကတော့ ပြည်သူ့ကိုယ်စားလှယ်များရဲ့ ချီးမြှင့်ငွေပါ၊ ဒီ ၃ ခုက အကြောင်းအရာတူတာ မဟုတ်ပါဘူး၊ ဒါကြောင့် ဒီ ၃ ခုစလုံးကို တခါတည်း အဆို ၁ ခုထဲမှာ ထည့်လိုက်တဲ့အခါကျရင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တိတိကျကျ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချဖို့ရာ အင်မတန်ခက်ပါတယ်၊ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ဒီအဆိုကို ကန့်ကွက်တာမဟုတ်ပေမဲ့ ဒီအဆိုကို အကြောင်းအရာ ၃ ခုအပေါ်မှာ အခြေခံပြီးတော့ ခွဲခြားပြီးတော့ ဆွေးနွေးတာဟာ သင့်တော်မယ်ထင်လို့ တင်ပြခြင်းဖြစ်ပါတယ်"

ဦးဇော်မြင့်ဖေ တင်သွင်းတဲ့အဆိုမှာ အလုပ်သမားအတွက် သင့်တင့်မျှတတဲ့ အနိမ့်ဆုံးလုပ်ခလစာရရှိဖို့ လိုအပ်တဲ့နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်သတ်မှတ်ပေးဖို့၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး၊ နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်သတ်မှတ်ပေး ဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပုဂ္ဂိုလ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်တွေကို ပြင်ဆင်သတ်မှတ်ပေးလည်း အရေးကြီးအဆိုမှာ ထည့်သွင်းတင်ပြခဲ့ပါတယ်။

အဲဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။