တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၂၀နဲ့ အထက်ရှိသူတွေ အခွန်ဆောင်ဖို့ ကြေညာ
2014.05.06
တစ်နှစ် ဝင်ငွေကျပ်သိန်း ၂၀ နဲ့ အထက် လစာငွေရရှိသူတိုင်း ဝင်ငွေခွန်ဆောင်ရမှာဖြစ်ကြောင်း အဲဒီလို ပေးဆောင်ဖို့အတွက် ဝင်ငွေခွန်နှုန်းအမျိုးအစား ၅ မျိုး သတ်မှတ်ထားကြောင်း အစိုးရက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ရန်ကုန်မြို့ကမ်းနားလမ်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးမှာ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုအခွန်ဥပဒေများ ရှင်းလင်းပွဲမှာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်မျိုးဦးက အခုလို ပြောပါတယ်။
"၂ဝ၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ဒီနှစ်ဝင်ငွေလစာရရှိတဲ့ ဝန်ထမ်းများလစာရရှိတဲ့ တစ်နှစ်ဝင်ငွေအပေါ်မှာ သိန်း ၂ဝ ကျော်မှ လစာပေါ်ကနေ ဇယားပါအတိုင်း ဆောင်ပေးရမှာဖြစ်ပါတယ်၊ ၂ဝ၁၄ - ၂ဝ၁၅ ဝင်ငွေနှစ်ကစပြီး သက်ရောက်မှာဖြစ်တဲ့အတွက် လာမယ့် ၂ဝ၁၅-၂ဝ၁၆ စည်းကြပ်နှစ်ကျမှ စည်းကြပ်မှာဖြစ် ပါတယ်"
ဝင်ငွေခွန်ပေးဆောင်ရာမှာ အစိုးရက သတ်မှတ်ထားတဲ့ သက်သာခွင့်တွေကို ခုနှိမ်ပြီးနောက် ကျန်ရှိတဲ့ဝင်ငွေအပေါ်မှာ ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ခုနှိမ်ပြီး ကျန်ရှိတဲ့ တစ်နှစ် ဝင်ငွေ သိန်း ၂၀ အထက်ကနေ သိန်း ၅၀ အထိ ဝင်ငွေခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ အထက်ကနေ သိန်း ၁၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ အထက်ကနေ သိန်း ၂၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ ကနေ သိန်း ၃၀၀အထိ ၂၀ရာခိုင်နှုန်းနဲ့ သိန်း ၃၀၀ နဲ့အထက်ကို ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေမှာ စီးကရက်ကို ၁၀၀ ရာခိုင်နှုန်း၊ ဆေးပေါ့လိပ်၊ ကွမ်းစားဆေး၊ အရက်၊ ဘီယာနဲ့ ဝိုင် တွေကို ၅၀ ရာခိုင်နှုန်း ကုန်စည်အမျိုးအစားအလိုက် အခွန်စည်းကြပ် ကောက်ခံသွားမယ်လို့ လည်း ကြေညာချက်မှာပါရှိပါတယ်။