ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်မည်
2013.11.27
ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ အကြီးအကဲဖြစ်သူ ခရစ္စတင်းလာဂါး Christine Lagarde ဟာ လာမယ့်ဒီဇင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မယ်လို့ IMF က ဒီကနေ့ ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အခြေစိုက်တဲ့ IMF ရဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်တဲ့ Ms. Lagarde ဟာ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၅ ရက်ကြာခရီးအဖြစ် ကမ္ဘောဒီးယား၊ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ဆိုပါတယ်။
ခရီးစဉ်အတွင်း IMF အကြီးအကဲအနေနဲ့ နိုင်ငံအကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ စီးပွားရေးလူမှုရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
မတူညီတဲ့ ပြုပြင်ပြောင်းလဲရေး အဆင့်တွေမှာရောက်နေတဲ့ အာရှ ၃ နိုင်ငံကို ခရီးသွားရောက်မှာဖြစ်ပြီး တောင်ကိုရီးယားက ကမ္ဘာ့အဆင့် ၁၃ နိုင်ငံမြောက် အကြီးမားဆုံးနိုင်ငံ ဖြစ်တဲ့အကြောင်း၊ ကမ္ဘောဒီးယားကတော့ တက်သစ်စ စီးပွားရေးနယ်ပယ်သစ် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံကတော့ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေအခွင့်အလမ်းတွေနဲ့ နိုးထစနိုင်ငံတစ်ခုဖြစ်ကြောင်း Ms. Lagarde က ပြောကြားပါတယ်။