အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ

ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ကို ညွှန်ကြားမယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ကို ကတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။

ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines (ယာ) ဖြစ်ပါသည်။
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines (ယာ) ဖြစ်ပါသည်။ (Photo courtesy of ILO)

ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုတွေ လုံးဝ ပပျောက်အောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ILO ကြားမှာ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် အဲဒီသဘောတူညီချက်အတိုင်း အပြည့်အဝ ဖြစ်မလာဘဲ ၂၀၁၅ အလွန်မှာ အဓမ္မခိုင်းစေမှုတွေ ဆက်လက်ရှိနေမယ်ဆိုရင် ILO အနေနဲ့ ဘယ်လိုဆောင်ရွက်မလဲလို့ ဦးသက်ဝေက မေးတဲ့အခါ ILO ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေဘောင်အတိုင်း အရေးယူမယ်လို့ ပြန်လည်ပြောဆိုကြောင်း ဦးသက်ဝေက ပြောပါတယ်။

အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးကတော့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ သီးခြားတွေ့ဆုံမှာဖြစ်ပြီး အဲဒီလိုတွေ့ဆုံတဲ့အခါ အဓမ္မခိုင်းစေမှုတွေ ပပျောက်ရေးအတွက် ပညာပေးအစီအစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ နိုင်ငံပိုင် မီဒီယာတွေကနေ အမြဲထုတ်လွှင့်ပေးအောင် ILO က မြန်မာအစိုးရကို တိုက်တွန်းဖို့ တင်ပြမယ်လို့ Mr. Vines နဲ့ မတွေ့ခင် မိနစ်ပိုင်းမှာ RFA ကို ပြောပါတယ်။

ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ရန်ကုန်မြို့ ထရိတ်ဒါးဟော်တယ်မှာ တွေ့ဆုံခဲ့ပါတယ်။