အဖမ်းဆီးခံခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ကနေတဆင့် ဖူးခက်မြို့ကို သွားရောက်အလုပ်လုပ်ကိုင်ကြမဲ့ တရားမဝင် ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ဖြစ်ပြီး မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒီမြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ ထိုင်းနိုင်ငံသား နှစ်ဦးကနေပြီး ရနောင်းမြို့ကနေတဆင့် အိဆုဇူး ဒီးမက်စ် ကားတစီးနဲ့ ဖူးခက်မြို့ကို သွားရောက် ပို့ဆောင်ခဲ့ချိန် သတင်းအရဆိုပြီး ရနောင်းမြို့က အထွက်မှာ ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးခဲ့ရာက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနေ့က နေ့လည် တနာရီလောက်မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်ပြီး ရနောင်းအခြေစိုက် ထိုင်းစစ်တပ်အမှတ် ၂၅၂၁ ကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ ထိုင်းစစ်တပ်အရာရှိတဦးက သူတို့ကို အရေးယူထားကြောင်း အတည်ပြု ပြောပါတယ်။
မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ထိုင်းလူမျိုးနှစ်ဦးရဲ့ ထွက်ဆိုချက်အရကတော့ သူတို့နှစ်ဦးဟာ ရနောင်းမြို့နယ်အတွင်း အုန်းသီးတွေ လိုက်လံ ရှာဖွေဝယ်ယူခဲ့ရာက ဝယ်ယူလို့ မရရှိတာကြောင့် ဒီမြန်မာ အလုပ်သမားတွေကို ဖူးခက်မြို့ကို သွားပို့ပေးဖို့ ကြားက ဆက်သွယ်ပေးတဲ့ ထိုင်းလူမျိုးတဦးကနေတဆင့် လက်ခံခဲ့ကြောင်းနဲ့ သယ်ယူပို့ဆောင်ရတဲ့ အခကြေးငွေ ရယူဖို့တွေကိုတော့ နှစ်ဖက် သဘောတူထားတာ မရှိသေးဘူးလို့ ထွက်ဆိုကြောင်း ထိုင်းစစ်တပ်အရာရှိက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံဖက်ခြမ်းက တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ကနေတဆင့် ဝင်ရောက်လာကြသူတွေ ဖြစ်တယ်လို့ သိရပြီး ဘယ်မြို့နယ်တွေက ဖြစ်တယ်ဆိုတာ အသေးစိတ် မသိရသလို အခုလို သွားလာဖို့အတွက် ပွဲစားတွေကို ဘယ်လောက် ပေးဆောင်ရတယ်ဆိုတာ အသေအချာ မသိရှိဘူးလို့ ပြောပါတယ်။
လောလောဆယ်မှာတော့ မြန်မာအလုပ်သမားတွေကို ခေါ်ဆောင်လာတဲ့ ထိုင်းလူမျိုး နှစ်ဦးကိုတော့ တရားမဝင် ခေါ်ဆောင်လာမှုနဲ့ ရုံးတင် တရားစွဲဆိုမှာ ဖြစ်သလို မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂၄ ဦးကိုတော့ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဥပဒေအရ ဆက်လက် အရေးယူသွားမှာ ဖြစ်ပြီး နယ်စပ်ဂိတ်ကနေတဆင့် မြန်မာနိုင်ငံဖက်ခြမ်းကို ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားပါတယ်။