မတရားအသင်း အက်ဥပဒေ ကို ပြင်ရုံသာပြင်သင့်တယ်ဟုဆို
အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အခုအချိန်ထိ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းအက်ဥပဒေကို မဖျက်သိမ်းဘဲ ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောလိုက် ပါတယ်။
-
2013-11-01 -
-
-
အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အခုအချိန်ထိ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းအက်ဥပဒေကို မဖျက်သိမ်းဘဲ ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို လိုအပ်သလိုပြင်ဆင်ဖြည့်စွက်ဖို့၊ ပယ်ဖျက်ဖို့ ရှိမရှိ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ ်ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားခဲ့တာပါ။
“ဥပဒေကို ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်းအဆင့်အထိ စဉ်းစားရန်မလိုအပ်ကြောင်း တွေ့ရှိရပါတယ်၊ ဒီဥပဒေကို တိုးတက်ပြောင်းလဲတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့အညီ လေ့လာသုံးသပ်ပြီး နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ခြင်းသည်သာ သင့်တော်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်”
အရင်စစ် အစိုးရလက်ထက်က အဲဒီဥပဒေကိုအသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖဲ့ွအစည်းတွေကို တရားမဝင်အသင်းအဖွဲ့တွေအဖြစ် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်သူတွေကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂)နဲ့ အရေးယူတာတွေ ထောင်ဒဏ်ချမှတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ အဲ့ဒီမတရားအသင်း အက်ဥပဒေကို ဖျက်သိမ်းသင့်တယ်လို့ ပြောပါတယ်။
အဲ့ဒီဥပဒေပါ ပုဒ်မ ၁၇( ၁) မှာ မတရားအသင်းအဖွဲ့တစ်ခုခုမှာ ပါဝင်ဆောင်ရွက်ရင်၊ ဒါမှမဟုတ် ငွေကြေးထောက်ပံ့ရင်၊ ငွေကြေးလက်ခံတောင်းခံရင်၊ အသင်းလုပ်ငန်းမှာ တစ်နည်းနည်းနဲ့ ကူညီဆောင်ရွက်မယ်ဆိုရင် ပြစ်ဒဏ်ကျခံစေရမယ်လို့ ပြဌာန်းထားပါတယ်။
အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရောမှာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၅၆ ဦးမှာ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂) နဲ့ အရေးယူခံထားရတဲ့ တိုင်းရင်းသားတွေ အများစုဖြစ်ပါတယ်။