တရားမဝင် ရောက်ရှိနေတဲ့ မွတ်စလင်တွေရဲ့ ဇီဝအချက်အလက်ရယူဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပြောကြား


2018.10.01
rohingya-in-india-622 အိန္ဒိယနိုင်ငံ နယူးဒေဟီမြို့က ယာယီတဲမှာတွေ့ရတဲ့ မွတ်စလင်တွေကို ၂၀၁၈၊ ဧပြီ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: MONEY SHARMA / AFP

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြတဲ့ မွတ်စလင်တွေ ရဲ့ Biometric ခေါ် ဇီဝအချက်အလက်တွေ ရယူစုဆောင်းဖို့ ပြည်နယ်တိုင်းကို အကြောင်းကြားထားပြီးဖြစ်သလို၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ မြန်မာနိုင်ငံနဲ့ သံတမန်လမ်းကြောင်းတွေအရ ဆက်လက်ဆောင်ရွက်မယ်လို့ အိန္ဒိယ ပြည်ထဲရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ပြည်နယ်အစိုးရတွေအနေနဲ့ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာသူတွေကို ရှာဖွေ၊ ဇီ၀ အချက်အလက်တွေ ရယူပြီး ဆိုင်ရာဗဟိုဌာနကို ပေးပို့ရမှာဖြစ်ကြောင်း၊ အဲဒီနောက် ဗဟိုအစိုးရက မြန်မာနဲ့ သံတမန်လမ်းကြောင်းတွေကနေ ဆက်လက်ဆောင်ရွက်ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ ဒီအတွက် လိုအပ်တဲ့ လူအင်အားကိုလည်း ချထားပေးမှာ ဖြစ်ကြောင်းလို့ ပြည်ထဲရေးဝန်ကြီး ရာနတ် ဆင်း က ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံတွင်း တရားမဝင် ရောက်ရှိနေကြသူတွေကို သူတို့လာခဲ့ရာအရပ် ပြန်ပို့နိုင်ရေး အတွက် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြည်နယ်အစိုးရတိုင်းက စောင့်ကြည့်နေဖို့၊ အခုဆိုရင် သူတို့ဟာ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာသာမက တောင်ပိုင်းဒေသတွေကို ရောက်ရှိနေကြပြီလို့လည်း ပြောပါတယ်။

ဒါ့ပြင် အိန္ဒိယကို ဝင်လာတဲ့ အဲဒီလူတွေဟာ ဒုက္ခသည်လည်းမဟုတ်၊ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားနိုင်သူတွေ လည်း မဟုတ်ဘဲ၊ ခိုးဝင်လာသူတွေသက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။