စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်မှာ တရားမဝင်ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ ဒေသ ခံတွေတိုင်ကြားချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စိစစ်ဖို့ တိုင်းဝန်ကြီး ချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားလိုက်ပါတယ်။
တိုင်းအစိုးရအဖွဲ့က သွားရောက်စစ်ဆေးရာမှာ လုပ်ကွက်တွေမှာ လူမရှိဘဲ ထွက်ပြေး သွားကြတဲ့အတွက် သက်ဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပတ်သက်နေနိုင် တယ်လို့ စစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ ဝန်းသိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောပါတယ်။
"အဓိကကတော့ ထွက်ပြေးသွားတယ်ဆိုတဲ့နေရာမှာ ကျနော်တို့ သုံးသပ်တာကတော့ သူ့ရဲ့သက်ဆိုင်ရာ အဖွဲ့အစည်းပိုင်းတွေနဲ့ မလွဲမသွေ ပတ်သက် ဆက်နွယ်နေလိမ့်မယ်လို့ ကျနော်တို့ယူဆတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ် ထားပြီးတော့မှ ခရိုင်ကနေ ပထမဆုံး ခုံရုံးဖွဲ့စည်း စစ်ဆေး ဆောင်ရွက်သွားမယ်ပေါ့၊ ခရိုင်အဆင့်စစ်ဆေးပြီးတဲ့အခါမှာ တိုင်းအစိုးရကနေ ခုံံရုံးဖွဲ့စစ်ဆေးသွားမယ်လို့ ဝန်ကြီးချုပ်ကိုယ်တိုင် ပြောကြားခဲ့တယ်" လို့ ဦးဇော်လင်းဦး က ပြောတာဖြစ်ပါတယ်။
ဝန်းသိုမြို့နယ်မှာ တရားဝင်ရွှေတူးဖော်တဲ့ကုမ္ပဏီ ၁၃ ခုရှိပေမယ့် ထပ်မံ သက်တမ်းတိုးခွင့်ရှိတဲ့ ကုမ္ပဏီ ၃ ခုသာရှိပြီး ကျန်တဲ့ကုမ္ပဏီတွေက သက်တမ်းကုန်ဆုံး ပြီဖြစ်သလို သက်တမ်းတိုးခွင့်ကိုလည်း ရပ်ဆိုင်းထားပါတယ်။
သက်တမ်းတိုးခွင့်မရှိတဲ့ ကုမ္ပဏီတွေက ဆက်လက်တူးဖော်လုပ်ကိုင်နေကြ တာကို ဒေသခံတွေကို တိုင်ကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီရွှေလုပ်ကွက်တွေထဲမှာ ကုမ္ပဏီတွေအပြင် တစ်ပိုင်တစ်နိုင်တူးဖော်ရေး လုပ်ကိုင်နေတဲ့ဒေသခံတွေလည်း ရှိနေပါတယ်။