၂၀၂၄ ခုနှစ် သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံးနိုင်ငံစာရင်းမှာ မြန်မာပါဝင်

ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်ကို သတင်းယူနေသည့် သတင်းသမားအချို့အား တွေ့ရစဉ်။
ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်ကို သတင်းယူနေသည့် သတင်းသမားအချို့အား တွေ့ရစဉ်။ (RFA)

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမား သုံးဦး သေဆုံးခဲ့ပြီး ၄၄ ဦးဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် IFJ က ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြန်မာဟာ သတင်းသမားဖမ်းဆီးခံရမှု တတိယအများဆုံးနိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။

၂၀၂၄ ခုနှစ်ဟာ သတင်းသမားတွေ အထူးသဖြင့် အသက်သေဆုံးရတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အသတ်ခံခဲ့ရတဲ့ သတင်းထောက် ၁၀၄ ဦး ရှိတယ်လို့ဆိုပါတယ်။ ထက်ဝက်ကျော်ဟာ ပါလက်စတိုင်း ဂါဇာက ဖြစ်ပြီး မြန်မာအပါအဝင် အာရှ-ပစိဖိတ်ဒေသမှာ သတင်းထောက် အယောက် ၂၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း ဖမ်းဆီးခံရတဲ့သတင်းသမား ၅၂၀ ရှိပြီး အရင်နှစ်တွေကထက် သိသိသာသာတိုးလာခဲ့တယ်လို့ဆိုပါတယ်။ ၂၀၂၃ ခုနှစ်က ၄၂၇ ယောက်၊ ၂၀၂၂ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနှစ်ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံက ၁၃၅ ဦး၊ အစ္စရေး (ပါလက်စတိုင်း သတင်းထောက်) ၅၉ ဦးနဲ့ မြန်မာက ၄၄ ဦးဖြစ်ပါတယ်။

IFJ အထွေထွေအတွင်းရေးမှူး Anthony Bellanger က ဒီကိန်းဂဏန်းတွေဟာ ကမ္ဘာမှာ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုးဝါးနေတဲ့အခြေအနေတွေနဲ့ သတင်းသမားတွေအတွက် ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ အာဏာရှင်အစိုးရတွေ တိုးပွားလာနေချိန်မှာ လူထုကို သတင်းအချက်အလက်အမှန်ပေးနိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ သတင်းသမားတွေ ဘေးကင်းလုံခြုံရေး စည်းမျဉ်းဥပဒေ ချမှတ်နိုင်အောင် ကုလသမဂ္ဂအပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးက အရေးယူဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။