စစ်တပ်အာဏာသိမ်းပြီး လေးလကျော်အတွင်း စစ်ပြေးဒုက္ခသည် နှစ်သိန်းကျော်အထိ ရှိလာ

အာဏာသိမ်း စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ခုခံတော်လှန်နေတဲ့ စစ်ပွဲမှာ စစ်တပ်ဖက်က လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ပါ ပြန်ပြီး တိုက်ခိုက်တဲ့ အတွက် တိုင်း ၂ တိုင်းနဲ့ ၅ ပြည်နယ်မှာ ထွက်ပြေးရတဲ့ အရပ်သားပြည်သူ နှစ်သိန်း သုံးသောင်းလောက် အထိရှိနေပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။

ကယားပြည်နယ်မှာ တစ်သိန်းကျော်၊ ကချင်ပြည်နယ်မှာ တစ်သောင်းလေးထောင်လောက်၊ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့မှာ တစ်သောင်းကျော်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နှစ်ထောင်ကျော်၊ ကရင်ပြည်နယ်မှာ ခြောက်သောင်း နီးပါးနဲ့ ချင်းပြည်နယ်ဘက်မှာ တစ်သောင်းခွဲကျော်၊ စစ်ကိုင်းတိုင်းမှာ တစ်သောင်းခွဲကျော်၊ မကွေးတိုင်းမှာ တစ်သောင်းကျော် ဖြစ်ပါတယ်။

မေလ ၂၀ ရက်နေ့ကစလို့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ သြဇာခံတပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲစဖြစ်ခဲ့ပြီး အဲဒီ သီတင်းပတ်က စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်လောက်ပဲ ရှိပါတယ်။ မေလကုန်ပိုင်းမှာ စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် လာတဲ့နောက်မှာတော့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုစတဲ့ မြို့နယ်တွေက ဒေသခံတွေပါ သိန်းနဲ့ချီပြီး နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကယားပြည်နယ် စစ်ဘေးရှောင်ကူညီရေး ကော်မတီက ပြောပါတယ်။

အခုလို မိုးဦးမှာ တောတောင်တွေထဲ ယာယီမိုးကာ တဲထိုးပြီး နေရသူတွေလည်း ရှိတာကြောင့် အမိုး၊ အကာ၊ ဆေးဝါးနဲ့ စားစရာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကယားပြည်နယ် စစ်ဘေးရှောင်ကူညီရေး ကော်မတီဝင် မခိုင်က RFA ကို ပြောပါတယ်။

"အခုလောလောဆယ် တောတောင်တွေမှာနေရတဲ့ ဒုက္ခသည်တွေ သစ်ပင်အောက်မှာ ဝါးပင်အောက်မှာ မိုးကာနဲ့ တဲထိုးပြီးမှ ယာယီနေရတဲ့ အနေအထားမျိုးရှိတယ်၊ တချို့ ရေတွေပေါ့နော် သောက်သုံးရေ မလုံလောက်တဲ့ အနေအထားရှိတယ်၊ ပြီးတော့ ဝမ်းပျက်ဝမ်းလျှောနဲ့ ကြုံနေရတဲ့ အနေအထားလည်း ရှိတယ်ပေါ့နော်၊ အခုက မိုးရာသီ ဖြစ်တဲ့အခါကြတော့ မိုးရွာတဲ့အခါမှာ ကောင်းကောင်းမွန်မွန် အိပ်လို့မရတဲ့ အခြေအနေတွေလည်း ရှိတယ်။"

အများစုဟာ ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရွာ အနောက်တောင်ကျော တစ်လျှောက်မှာ ယာယီမိုးကာတဲတွေ ထိုးပြီး နေကြရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၈ ရက်နေ့အထိစာရင်းအရ ကယားပြည်နယ်က ဒုက္ခသည်တစ်သိန်းကျော်ထဲမှာ ခရစ်ယာန် ကက်သလစ် ဘုရားရှိခိုးကျောင်းပေါင်း ၂၀ ကျော်တို့မှာ ခိုလှုံနေတဲ့ ဒုက္ခသည် အရေအတွက် လေးသောင်း လောက်အထိ ရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ် ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးက RFA ကို ပြောပါတယ်။

ကယားပြည်နယ်မှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းဝန်းကျင် ရှိတယ်လို့ ထုတ်ပြန် ထားပြီး လက်ရှိတိုက်ပွဲဖြစ်တဲ့ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့တွေဟာ လူနေထိုင်မှု အများဆုံး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်က လေကြောင်းနဲ့ တိုက်ခံရမယ့် အန္တရာယ်ကနေ ထွက်ပြေးရတဲ့သူ တစ်သိန်းကျော်အထိ ရှိနေပြီလို့ ခန့်မှန်းကြတာလည်း ဖြစ်ပါတယ်။

ကယားပြည်နယ်အစပ် ရှမ်းပြည် (တောင်ပိုင်း) မိုးဗြဲရဲစခန်းကို မေလ ၂၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်တွေက ဝင်ရာက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒေသခံ တစ်သောင်းကျော် တောတောင်တွေထဲမှာ ထွက်ပြေး ပုန်းရှောင်နေရပါတယ်။

karenni-refugees
စစ်ကောင်စီတပ်ကြောင့် တောထဲမှာထွက်ပြေးနေရတဲ့ ကရင်နီစစ်ရှောင်တွေကို တွေ့ရစဉ် Photo: CJ

ပုန်းရှောင်နေရသူတွေအတွက် ရိက္ခာလာယူတဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ် ဖမ်းဆီးတာတွေရှိပြီး သေဆုံးသူတွေ ရှိခဲ့တာကြောင့် ရေရှည်မှာ ရိက္ခာအခက်အခဲ ရှိလာနိုင်တယ်လို့ မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFA ကိုပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်တွေမှာတော့ ဧပြီလကုန်ကနေ စခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းအဖွဲ့တွေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တို့ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဇွန်လ ၄ ရက်နေ့ နောက်ပိုင်း တိုက်ပွဲတွေ ငြိမ်သွားလို့ ကိုယ့်နေရပ် ပြန်သွားကြပေမယ့် အဲဒီစစ်ရေး ပဋိပက္ခအတွင်း ကျေးရွာလေးခုက အိမ်ခြေ ၁၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

ရှမ်းပြည်(တောင်ပိုင်း)ထဲက ကျေးသီးမြို့မှာတော့ ဇွန်လ ၁ ရက်နေ့ ကနေ ဇွန်လ ၆ ရက်နေ့အထိ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ နှစ်ခုတို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်လို့ ကျေးသီးမြို့နယ်ထဲက ကျေးရွာ လေးခု လောက်က ဒေသခံ ၇၀၀ နီးပါးလောက်ဟာ နီးစပ်ရာ ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံ နေကြရပါတယ်။

"လောလောဆယ်တော့ ကျွန်တော်တို့ စစ်ဘေးရှောင်တဲ့ နေရာကို စစ်ကောင်စီဘက်က ထိုးစစ်ဆင် နေတယ်၊ စစ်ကြောင်း သုံးကြောင်းနဲ့၊ စစ်ကြောင်း တစ်ကြောင်းကို အင်အား တစ်ရာကျော်၊ အဲလိုမျိုးနဲ့ ထိုးစစ်ဆင်နေတယ်"

ကရင်ပြည်နယ်မှာတော့ ထွက်ပြေးနေရတဲ့ဒေသခံ ခြောက်သောင်းကျော်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု အဖွဲ့ဆီကနေ သိရပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ ဒေသခံပြည်သူ လေးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေး နေရသလို ဧပြီလ ၂၀ ရက်နေ့က လေယာဉ်နဲ့ လာဗုံးကြဲလို့ သံလွင်မြစ်ဘေးမှာ ပုန်းခိုနေရတဲ့သူ ခုနှစ်ထောင် လောက်ရှိပြီး၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှာ ထွက်ပြေးရသူ နှစ်ထောင်ကျော်၊ တပ်မဟာ (၁) သထုံခရိုင်မှာ ထွက်ပြေးနေရသူ တစ်ထောင်ခန့်လောက်ရှိပြီး တပ်မဟာ (၂) ဘက်မှာလည်း ထွက်ပြေး ပုန်းရှောင်နေရသူတွေ ရှိနေပါတယ်။

သူတို့အတွက် အလိုအပ်ဆုံးကလည်း လုံခြုံရေးနဲ့ စားသောက်ရေးဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေး အ‌ထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ဝါခူရှီးက RFAကို ပြောပါတယ်။

"သူတို့ဘက်က လက်နက်ကြီးက အရမ်းပစ်တယ်၊ အဲဒီ လမ်းတစ်လျှောက်မှာပေါ့နော်၊ နှစ်ဖက်စလုံး ကမမောင်းကနေ ဖာပွန်အထိပေါ့၊ ပြီးတော့ ရှိထားတဲ့ စစ်တပ် စခန်းတွေကနေလည်း ပစ်ချတာတွေ အများကြီးရှိတယ်၊ ဆိုတော့ အဲမှာ ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်၊ ဆုံးသွားတဲ့ ပြည်သူလူထုတွေလည်း ရှိတယ်၊ ဒါပေမဲ့ လမ်းပန်းဆက်သွက်ရေး သူတို့ရဲ့ Communication ပေါ့နော် လုံးဝဆက်သွယ်လို့ မရတဲ့ အခြေအနေ။"

ဇွန်လ ၄ ရက်နေ့ကလည်း KNU နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့ ရဲစခန်းအနီး ပစ်ခတ်မှုတွေဖြစ်လို့ ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရသလို ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်၊ ဖလူးကျေးရွာမှာ ဖြစ်ခဲ့တဲ့ ခွဲထွက် DKBA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲကြောင့် ဒေသခံ ခုနှစ်ရာနီးပါး ထပ်မံထွက် ပြေးခဲ့ကြရပါတယ်။ အဲဒီထဲက ငါးရာလောက်က သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။

ချင်းပြည်နယ် မင်းတပ်ခရိုင်မှာတော့ ရွာပေါင်း ငါးဆယ်ကျော်က လူတစ်သောင်းခွဲကျော်ဟာ တောတောင် တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ အကူအညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူက RFA ကိုပြောပါတယ်။

"လောလောဆယ်တော့ ကျွန်တော်တို့ စစ်ဘေးရှောင်တဲ့ နေရာကို စစ်ကောင်စီဘက်က ထိုးစစ်ဆင် နေတယ်၊ စစ်ကြောင်း သုံးကြောင်းနဲ့၊ စစ်ကြောင်း တစ်ကြောင်းကို အင်အား တစ်ရာကျော်၊ အဲလိုမျိုးနဲ့ ထိုးစစ်ဆင်နေတယ်၊ အဲတာကြောင့် ကျွန်တော်တို့မှာ စားဖို့သောက်ဖို့ အခက်အခဲအပြင် လုံခြုံရေး အခက်အခဲဖြစ်နေတယ်၊ ကျွန်တော်တို့ရှိနေတဲ့ Camp ကနေမှ လက်နက်ကြီးအသံတွေ အဆက်မပြတ် ကြားနေရတယ် တစ်နေကုန်ပဲ၊ အဲတာက ကျွန်တော်တို့ရဲ့ အသက်အန္တရာယ် အခက်အခဲပေါ့လေ၊ မိုးရာသီ မဟုတ်လို့ အဆောက်အအုံတွေ မကောင်းတာ၊ စားစရာဆန်မရှိတာ၊ ဆေးဝါးမရှိတာ၊ ခြုံစရာ စောင် မရှိတာပေါ့၊ အဲတာမျိုးတွေကတော့ နောက်တစ်ခု အခက်အခဲတွေပေါ့။"

ဒီသီတင်းပတ်ထဲမှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ နေရာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာလည်း ဧပြီလ ၂ ရက်နေ့က ဒီကနေ့အထိ နှစ်လတာ ကာလအတွင်း နှစ်ဖက် တိုက်ပွဲတွေကြောင့် ရွာပေါင်း ၄၀ ကျော်က စစ်ပြေးဒုက္ခသည် ပြည်သူ တစ်သောင်းခွဲကျော် ရှိလာနေပါပြီ။

လက်ရှိ မိုးတွင်းဘက်ဖြစ်လို့ မိုးရွာသွန်းမှုတွေကြောင့် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ဖို့ လိုအပ်ချက် တွေ ရှိနေတယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

"ရာသီဥတုကြောင့် မိုးရွာတော့ တောထဲကအဖွဲ့တွေ မိုးကာနဲ့ မလုံလောက်တော့ မိုးရွာထဲ ဖြတ်သန်း ရတယ်၊ တောကောင်တွေ ရှာစားနေကြရတယ်၊ ဆေးဝါးလည်း မလုံလောက်ဘူး၊ ကြာရှည်အထားခံမယ့် စားစရာတွေ လိုအပ်နေတယ်၊ သူတို့ (စစ်ကောင်စီတပ်သားတွေ) တပ်စွဲထားတဲ့ နေရာတွေမှာ မရှိတော့ဘူး၊ သူတို့ပြန်ဝင်လာရင်တော့ စစ်ဘေးဒုက္ခသည်တွေ ပိုများလာနိုင်မယ်။ အဲဒီတော့ သူတို့ ဝင်မလာနိုင်အောင် နေရာတိုင်းမှာ အဆင့်သင့် ပြင်ထားတယ်"

စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း ၄၀ ကျော်ထဲမှာ ရွာ ၂၀ လောက်ဟာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေနဲ့ နီးကပ်နေတာကြောင့် လုံးဝပြန်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပြေအေးရွာဆရာတော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးပြီးနောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်တိုက် ဖြစ်ခဲ့တဲ့အပြင် စစ်သားတွေဟာ ရွာထဲဝင်ပြီး တွေ့သမျှ သူတွေကို ဖမ်းဆီးတာ၊ ပစ်ခတ်သတ်ဖြတ်တာနဲ့ လုယက်တာတွေ လုပ်ခဲ့တဲ့အတွက် အများစုဟာ နေအိမ်တွေကိုပါ စွန့်ခွာထွက်ပြေး နေကြရတာပါ။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ဘက်မှာ ဇွန် ၃ ရက်နေ့ကစပြီး ဒေသပြည်သူ့ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲကြောင့် နှမ်းခါး၊ ရဲလှ၊ သာစည်၊ မွေ့လယ်၊ တော်ဝင်နဲ့ ရှေရင်စတဲ့ ရွာပေါင်း ခြောက်ရွာက ဒေသခံ တစ်သောင်းကျော်ဟာလည်း တောတောင်တွေထဲ ထွက်ပြေးနေရပြီး စားရေးသောက်ရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ရွာထဲဝင်လည်း ပြန်ထွက်ပြေးရတယ်၊ အခုတောင် စစ်ကားတွေက အရင်တစ်ခါ လာကတည်းကစလို့ မပြန်ဘူးဗျ၊ အခု နှမ်းခါးရွာမှာ တစ်စီးရှိသေးတယ်၊ ရဲလှရွာနောက်မှာ တစ်စီးရှိသေးတယ်၊ မွေ့လယ်နဲ့ ရဲလှ ကြားထဲမှာ တစ်စီးရှိသေးတယ်၊ သူတို့ ဘာတွေလုပ်ဖို့ စောင့်နေကြတာလဲတော့ မသိဘူး၊ လူတွေကတော့ တောထဲတွေမှာပဲ အခုပြန်ပီး ပုန်းနေရတယ်၊ အခုက ထမင်းက တစ်နပ်တောင် မစားရတဲ့သူ လည်းရှိတယ်၊ တစ်နပ်တည်းစားနေရတဲ့ လူတွေလည်းရှိတယ်ဗျ၊ အဲတာမျိုးတွေ ကြုံနေရတယ်။"

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က စစ်တပ်နဲ့ ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေး တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စစ်တပ်က ကျေးရွာတွေထဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေကြောင့် ထွက်ပြေးနေကြ ရတာပါ။ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်နေပြီး အကူအညီတွေ လိုအပ်နေပါတယ်။

သူတို့ကို ကူညီပေးဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းစီစဉ်နေတယ်လို့ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက RFAကို ပြောပါတယ်။

"တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ IDPs ကိစ္စတွေ၊ နောက်ပြီးတော့ ရွှေ့ပြောင်းနေရတဲ့ ဒုက္ခသည် တွေရဲ့ ကိစ္စတွေကို ကျွန်တော်တို့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ CRPHလိုပဲ အဲဒီ ဒေသ အတွင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒေသခံ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အမြန်ဆုံး အခု လိုအပ်နေတဲ့ အမိုးအကာ၊ ကျန်းမာရေး၊ အစားအသောက် ဒါတွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် ပထမဆုံး ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်၊ တစ်ချိန်တည်းမှာပဲ ကလေးတွေက တောထဲမှာ ကြာကြာ နေရတဲ့ အခါမှာ သူတို့ရဲ့နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ အများကြီး ထိခိုက်နိုင်ပါတယ်၊ ပညာရေး၊ ကျန်းမာရေး နောက်ပြီးတော့ မျိုးဆက်တစ်ခုလုံး ထိခိုက်သွားနိုင်ပါတယ်၊ ဒါကြောင့်မလို့ ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းမတက်ရတဲ့ ကလေးတွေအတွက် ပညာကို ဆက်လက်ပြီး လုပ်ဆောင်သွားနိုင်ဖို့ ပညာရေး အစီ အစဉ်တွေ၊ နောက်တစ်ခါ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ကျန်းမာရေး အရ စောင့်ရှောက်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်။"

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Guy Taylor ကလည်း

ကလေးသူငယ်တွေနဲ့ မိသားစုတွေအပြင် ထိခိုက်နစ်နာနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ ထောက်ပံ့ပေးနိုင်ဖို့ မြန်မာနိုင်ငံမှာ မြေပြင်ဝန်ထမ်း ၂၀၀ကျော်နဲ့ အတူ ဆက်လက်ကျန်ရှိနေပြီး တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်း၊ ရေ၊ အစားအစာ၊ ကျန်းမာရေးအထောက်အပံ့၊ အိမ်သာနဲ့ အခြားလိုအပ်တဲ့ အရာတွေ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေနဲ့ အရေးကြီးတဲ့ အထောက်အပံ့တွေကို အချိုးကျ ထောက်ပံ့နိုင်ဖို့ အရေးတကြီး လုပ်ဆောင်နေတယ်လို့ RFAကို အီးမေးလ်ကနေ ပြန်ဖြေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်မှာ IDPs အရေအတွက်ဟာ မြင့်တက်လာနေပြီး စားနပ်ရိက္ခာ ထောက်ပံ့ရေး အကူအညီတွေ အရေးပေါ် လိုအပ်နေတာကြောင့် အလျင်အမြန် ထောက်ပံ့နိုင်ရေး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန် ထားပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မေလ ၃၁ ရက်အထိ ရရှိထားတဲ့စာရင်းမှာတော့ တိုက်ပွဲနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူဟာ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မပါဝင် သေးတာတောင် စုစုပေါင်း နှစ်သိန်း နီးပါးရှိနေတယ်လို့ ဖော်ပြထားပါတယ်။