စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မတ်လအတွင်း ဖာပွန်‌ဒေသခံ အရပ်သားကိုးဦး သေဆုံး

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (Photo: KNU)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်ရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ မတ်လအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လေကြောင်းကနေတိုက်ခိုက်တာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရပ်သားတွေနေထိုင်တဲ့ ရွာတွေနဲ့ တောင်ယာလုပ်ငန်းခွင်တွေအတွင်း လက်နက်ကြီးနဲ့ ၄၂ လုံးပစ်ခဲ့သလို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးအကြီးအငယ် စုစုပေါင်း တစ်ထောင့်ငါးရာနီးပါး ကြဲခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား ကိုးဦးသေဆုံးခဲ့သလို ဘုန်ကြီးတစ်ပါးနဲ့ အရပ်သား ၃၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ပြောထားပါတယ်။

မတ်လအတွင်း တိုက်ပွဲတွေကြောင့် တပ်မဟာ ၅ နယ်မြေ ဖာပွန်ဒေသမှာ အရပ်သား တစ်ထောင့်ခြောက်ရာကျော် (၁,၆၂၄ ဦး) ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်နှစ်ဦးအပါအဝင် ၄၂ ဦးသေဆုံးခဲ့ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရသလို KNU ဘက်ကလည်း ရှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီနဲ့ KNU တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မတ်လ ၂၈ ရက်နေ့ကစပြီး ဖာပွန်မြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပါတယ်။