ICRC ဥက္ကဋ္ဌ ဘူးသီးတောင် မောင်တော သွား
2018.06.26

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer ဟာ စစ်တွေလေဆိပ်ကို ရောက်ရှိခဲ့ပြီး အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောဒေသကို ဒီနေ့သွားရောက်လေ့လာပါတယ်။
ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ သူ့အနေနဲ့ လာရောက် တာဖြစ်တယ်လို့ ICRC ဥက္ကဋ္ဌ Peter Maurer က စစ်တွေလေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
"ဒီခရီးစဉ်ကနေ အကြမ်းဖက်ပဋိပက္ခကြောင့် ထိခိုက်ရသူတွေအတွက် ကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေ ပိုပြီးထိထိရောက်ရောက် တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်၊ ဒါ့ပြင် လူမှု အသိုင်းအဝိုင်းအားလုံးနဲ့ ထိတွေ့ဆောင်ရွက်နိုင်ဖို့ အခုမြန်မာနိုင်ငံခရီးစဉ်ပြီးရင် ဘင်္ဂလားဒေ့ရှ်ကိုပါ ခရီးဆက်ဦးမှာပါ"
ICRC ဥက္ကဋ္ဌ Peter Maurer ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ သုံးရက်တာကြာမြင့်မှာဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတဲ့ ရပ်ရွာလူထု အသိုင်းအဝိုင်းနဲ့ တွေ့ဆုံမှာဖြစ်သလို အစိုးရကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ICRC က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှုအပြီး လူပေါင်း ခုနစ်သိန်းလောက် တဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ခွာသွားခဲ့ရသလို ရခိုင်ပြည်နယ်မှာရှိတဲ့ ရပ်ရွာလူထုအသိုင်းအဝိုင်းတွေဟာလည်း အကြမ်းဖက်မှုဒဏ်ကို ခံခဲ့ရတာကြောင့် အားလုံးအတွက် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ ဘဝအတွက် အခြားလိုအပ်ချက်တွေရဖို့ ခက်ခဲနေတယ်လို့လည်း ICRC ရဲ့ ဒီနေ့သတင်းထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။
ICRC ဥက္ကဋ္ဌဟာ ဘူးသီးတောင်မြို့မှာ ICRC က ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ရွေ့လျားဆေးခန်းကို သွားရောက်လေ့လာခဲ့သလို မနက်ဖြန်မှာတော့ မောင်တောမြို့နယ်အတွင်း ICRC က အကူအညီတွေပေးနေ တဲ့ ကျေးရွာတချို့ကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။
ဒါ့အပြင် သူ့ရဲ့ခရီးစဉ်အတွင်း စစ်တွေမြို့မှာရှိတဲ့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်အပြီးမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။