ICJ အမှုအတွက် ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦးတို့ကို စစ်ကောင်စီခန့်ထား

(ဝဲ မှ ယာ) စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး။
(ဝဲ မှ ယာ) စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး။ (Photo: Myanmar Military)

နိုင်ငံတကာတရားရုံး ICJ မှာ အမှုရင်ဆိုင်ဖို့ စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ခန့်အပ်ထားကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြလိုက်ပါတယ်။

သူတို့နှစ်ယောက်အပါအဝင် လူရှစ်ယောက်ပါ ဥပဒေအဖွဲ့ကို စစ်ကောင်စီဘက်က တင်ပြထားတာဖြစ်ကြောင်း တရားရုံးသတင်းရင်းမြစ်ကို ကိုးကား ဖော်ပြထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ ထည့်သွင်းခံထားရသူတွေ ဖြစ်ပါတယ်။

ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က တရားရုံးမှာ ကြားနာမှာဖြစ်ပါတယ်။

ဒီကြားနာပွဲကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ရဖို့ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ အပြိုင်လုပ်နေကြတာပါ။

ဘယ်သူ့ကို တက်ရောက်ခိုင်းမလဲဆိုတာ ICJ တရားရုံးဘက်ကို ရိုက်တာက မေးမြန်းခဲ့ပေမယ့် ဖြေဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

NUG ဘက်ကတော့ သည်ဟိတ်မြို့ အပြည်ပြည်ဆိုင်ရာ ဥပဒေတက္ကသိုလ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်၊ ပြင်သစ်လူ့အဖွဲ့အစည်းရဲ့ နိုင်ငံတကာရေးရာ ဥပဒေဘုတ်အဖွဲ့ဝင်၊ ပဲရစ်နောင်တဲ တက္ကသိုလ်ရဲ့ ပါမောက္ခ မစ္စတာ ဂျွန်မာ့စ်သူဗီနင် (Professor Jean-Marc Thouvenin) နဲ့ နိုင်ငံတကာတရားရုံးတွေမှာ လူ့အခွင့်အရေး၊ မဟုတ်မမှန် အကျဉ်းချခြင်း၊ စစ်ရာဇဝတ်မှုတွေမှာ ကျွမ်းကျင်တဲ့ ရှေ့နေ Steven Powles QC တို့နဲ့အတူ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ ဦးဆောင်ဖြေရှင်းမယ်လို့ ပြောထားပါတယ်။

ICJ မှာ စစ်ကောင်စီကို တက်ရောက်ခွင့်ပြုခဲ့ရင် အပြည်ပြည်ဆိုင်ရာက စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်လိမ့်မယ်လို့ သုံးသပ်သူတွေက ဝေဖန်နေပါတယ်။