မြန်မာ ထွက်ဆိုချက်ကို သူတို့ ဒီလိုမြင်ကြတယ်


2019.12.11
dassk-icj-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၁ရက် နေ့ က တွေ့ရစဥ်
Photo: Myanmar State Counsellor Office

အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံဘက်က ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး သဘောထားအချို့ကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

နယ်သာလန်နိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မနေ့က ထွက်ဆိုသွားတာတွေဟာ မြန်မာ့တပ်မတော်ကို အကာအကွယ်ပေးသွားတဲ့ စကားတွေဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေး ကွန်ယက် အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံရေးလေ့လာသူ ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါ်မွန်မွန်မြတ်ကတော့ မြန်မာနိုင်ငံဘက်က လျှောက်လဲသွား သူတွေထဲမှာ တစ်စုံတစ်ယောက်ကမှ မြန်မာ့တပ်မတော်ရဲ့ လုပ်ရပ်တွေကို မတရား ခုခံကာကွယ်သွားခဲ့ခြင်း မရှိပါဘူးလို့ ဝေဖန်ပါတယ်။

သဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတွေ စုဝေးပြီး ရုပ်မြင်သံကြားတွေက ကြည့်ရှုခဲ့ပါတယ်။ အဲဒီသူတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို Genocide လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဝန်ခံပြောဆိုခဲ့ခြင်း မရှိတဲ့အတွက် မ‌ကျေနပ်ဘူးလို့ ပြောပါတယ်။ Abdul Karim အဘ်ဒူ ကာရင်ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက

“ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်တပ်နဲ့ပေါင်းပြီး ကျနော်တို့ကို ရက်ရက်စက်စက် ပြုကျင့်ခဲ့တယ်။ ကျနော်တို့ မိသားစုတွေကို သူတို့ နှိပ်စက်ညှဥ်းခဲ့တယ်၊ ကျနော်တို့ရဲ့ အိမ်တွေ ဗလီတွေ စာသင်ကျောင်းတွေကို မီးရှို့ခဲ့တယ်။ ကျနော်တို့ ခံစားခဲ့ရတာတွေအတွက် တပ်မတော်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဒီအမျိုးသမီး မှာလည်း တာဝန်ရှိပါတယ်လို့ Benar ဘီနာသတင်းဌာနကို ပြောပါတယ်။”


ဒေါ်မွန်မွန်မြတ်ကတော့ ICJ မှာ မြန်မာဘက်က လျှောက်လဲချက်တွေထဲမှာ  လူမျိုးတုံးသတ်ဖြတ်မှုကို လက်မခံ ပေမယ့် လူသားမျိုးနွယ်စုတွေအပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ရှိနေတယ်ဆိုတာကို ထည့်သွင်းပြောဆို ခဲ့တာဟာ အမှန်တရားပဲလို့ ပြောပါတယ်။

ဒီကနေ့ ဆက်လက်ကျင်းပမယ့် နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ  ကြားနာပွဲမှာ မြန်မာနဲ့ ဂမ်ဘီယာ ဘယ်လိုတွေ လျှောက်လဲပြောဆိုကြမှာလဲဆိုတာ ဆက်လက်ပြီး စောင့်ကြည့်ကြပါစို့။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။