ရိုဟင်ဂျာအရေး ICC စုံစမ်းစစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေ

RFA Burmese
2023.07.04
ရိုဟင်ဂျာအရေး ICC စုံစမ်းစစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ် Karim AA Khan နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင်ကို ဇူလိုင် ၄ရက်နေ့တွင် တွေ့ရစဉ်။
ICC

ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim AA Khan နဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင်နဲ့ ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အမှုကိစ္စကို အမြန်ဆုံးပြီးပြတ်အောင်ဖြေရှင်းပေးဖို့ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ UNB သတင်းမှာ ဖော်ပြပါတယ်။

တရားမျှတမှုရဖို့ နှောင့်နှေးနေတာဟာ တရားမျှတမှုမရှိတာနဲ့တူတူပဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို စစ်ဆေးမယ့် ICC ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရှေ့နေချုပ် Karim Khan က ဦးဆောင်ပါတယ်။

လေးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်း ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး တရားမျှတမှုရဖို့ ICC ကလုပ်နေတဲ့ ကိစ္စရပ်တွေကို ရှင်းပြသွားဖို့ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီခရီးစဉ်ဟာ ICC စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ တရားမျှတမှုဟာ နေ့ချင်းညချင်းတော့ ဖြစ်လာမှာမဟုတ်ပေမဲ့ အတူတကွပူးပေါင်းပြီး ကြိုးပမ်းလုပ်ဆောင်သွားဖို့ လိုတယ်လို့ ရှေ့နေချုပ် Karim Khan က ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ် ခရီးစဉ်အပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်ချက်ကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ကို ICC က စုံစမ်းစစ်ဆေးနေတာပါ။

ဒီလုပ်ရပ်ဟာ မြန်မာစစ်တပ်ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ လူပေါင်း ၃၅ဝဝ နီးပါးကို သတ်ဖြတ်ခဲ့ပါတယ်။

ရိုဟင်ဂျာကိစ္စသာမက စစ်အာဏာသိမ်းပြီးအကြမ်းဖက်လုပ်ရပ်တွေအတွက်လည်း စစ်ခေါင်းဆောင်တွေကို ICC တရားရုံးမှာ တရားစွဲတင်နိုင်ဖို့ ကြိုးပမ်းတာတွေရှိနေပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပြောင်းတရားစီရင်ဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။