အစာငတ်ခံဆန္ဒပြပွဲက နောက်ထပ် အလုပ်သမားနှစ်ဦး ဆေးရုံတင်ရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် မှာရှိတဲ့ စံကောင်း ပီနံအိတ်စက်ရုံရှေ့မှာ အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမား ၁၆ ဦးထဲက နောက် ထပ်အမျိုးသမီးအလုပ်သမား ၂ ဦးကို ဒီကနေ့ အင်းစိန်ဆေး ရုံကို ပို့ဆောင်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

မေလ ၂၇ ရက်နေ့ညကစတင်ပြီး အစာအငတ်ခံဆန္ဒပြနေတဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားများကိုတွေ့ရစဉ် photo: RFA/ Nay Myo Htun

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်မှာရှိတဲ့ စံကောင်း ပီနံအိတ်စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ အလုပ်သမား ၁၆ ဦးထဲက နောက်ထပ် အမျိုးသမီးအလုပ်သမား ၂ ဦးကို ဒီကနေ့ အင်းစိန်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကတည်းက အဲဒီအလုပ်သမား ၁၆ ဦး အစာငတ်ဆန္ဒပြနေရာမှာ မနေ့က အလုပ်သမ ၂ ဦး မူးလဲသွားတဲ့အတွက် အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ဒီကနေ့မှာ နောက်ထပ် ၂ ဦးကို ဆေးရုံပို့ခဲ့ရတာပါ။

အခုလိုအလုပ်သမားတွေ အစာငတ်ခံဆန္ဒပြနေရတာဟာ  လစာကိစ္စကြောင့်မဟုတ်ပဲ အထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြဖြစ်ပြီး၊ တောင်းဆိုချက်တွေ အောင်မြင်တဲ့အထိ ဆက်လက်ဆန္ဒပြသွားမယ်လို့ စံကောင်း ပီနံအိတ်စက်ရုံရဲ့ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုဝင်းထွန်းအောင်က RFA ကို ပြောပါတယ်။

"အစာငတ်ခံဆန္ဒပြတာဆိုရင်တော့ ဒီကနေ့ဆိုရင်တော့ ၃ ရက်ကျော်လာပြီပေါ့ခင်ဗျာ၊ နာရီနဲ့ပြောရင်တော့ နာရီ ၆၅ နာရီကျော်လာပြီပေါ့၊ ဒီကြားထဲမှာ ဆေးရုံပို့ရတာ ၃၊ ၄ ဦးလောက်ရှိသွားပြီခင်ဗျ၊ မနေ့က ၂ ဦး၊ ဒီနေ့ ၂ ဦး၊ ၄ ဦးပေါ့၊ ပို့လိုက်တဲ့သူကတော့ အဓိကကတော့ ဗိုက်ပေါ့ဗျာ၊ ဗိုက်အောင့်တယ်ဆိုတဲ့ပုံစံမျိုးပါပဲ၊ မူးတာပေါ့နော် ကောင်လေးတွေကတော့၊ ကြွက်တက်တာဘာညာပေါ့၊ ကျနော်တို့ဆီမှာတော့ ကျန်းမာရေးအရမပြည့်စုံတော့ ဆေးရုံကိုပဲပြည့်စုံ တဲ့နေရာကို ကားငှားပြီးတော့ပို့ခိုင်းတယ်ပေါ့ခင်ဗျ၊ ကျနော်တို့တောင်းဆိုတာက ငွေရေးကြေးရေးကိစ္စ မပါဘူး၊ ဥပဒေမှာပါတဲ့ အခွင့်အရေးတောင်းဆိုတာ မရမချင်းဆက်လက်ပြီးတော့ ဒီ့ထက်အရှိန်အဟုန်မြှင့် ပြီးတော့ ကျနော်တို့တောင်းဆိုမှု အောင်မြင်တဲ့အထိလုပ်ဆောင်သွားမယ်ခင်ဗျ"

ဆန္ဒပြနေတဲ့ ရက်တွေအတွင်း အလုပ်ရှင်တွေဖက်ကရော၊ အာဏာပိုင်တွေဖက်ကပါ တောင်းဆိုချက်တွေကို လာရောက်ညှိနှိုင်းဖြေရှင်းပေးတာမျိုး မရှိသေးပေမယ့် မြို့နယ်အာဏာပိုင်တွေဖက်ကတော့ အစာငတ်ခံဆန္ဒပြတာကို ဆက်မလုပ်ဖို့ တားမြစ်တာတွေတော့ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org