လူကုန်ကူးခံရသူလို့ ယူဆသူ ၁၆ ဦး လွတ်မြောက်
2018.03.01

လူကုန်ကူးခံရတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ကို ထိုင်းတာဝန်ရှိသူတွေက မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေထံ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။
မနေ့က ကရင်ပြည်နယ် မြဝတီမြို့မှာ လွဲှပြောင်းပေးအပ်တာဖြစ်ပါတယ်။ မွန်ပြည်နယ် လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့က ရဲမှူး မိုးဦးကတော့ လတ်တလောမေးမြန်းထားတဲ့ အချက်လက်တွေအရ လူကုန်ကူး မှုမြောက်တဲ့ အချက်တွေတော့ မတွေ့ရဘူးလို့ ပြောပါတယ်။
"သူတို့ကိုမေးတဲ့အခါကျတော့ ကျနော်တို့ အကြမ်းဖျင်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ သူတို့ဟိုဘက်မှာတော့ လူကုန်ကူးခံခဲ့ရတာတော့ မရှိဘူးပေါ့နော်။ လူကုန်ကူးခံခဲ့ရတယ်ဆိုတာကတော့ လုပ်အားခေါင်းပုံဖြတ်တာတို့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာတို့၊ အဓမ္မခိုင်းစေတာတို့ အဲဒါတွေနဲ့ ပြည့်စုံမှသာ၊ ခေါင်းပုံဖြတ်ခံရမှသာလျှင် လူကုန်ကူးခံရတယ်လို့ သတ်မှတ်နိုင်တယ်လေ။ ဟိုမှာသွားပြီးတော့ အလုပ်သွားလုပ်တယ်။ သူတို့အလုပ်က လစာကိုလည်းရတယ်။ ဒါပေမဲ့ သူတို့မှာ နေထိုင်ခွင့်ကတ်မရှိတဲ့အတွက် သူတို့သည် ဗမာပြည်ဘက်ကို ပြန်လာဖို့ လုပ်နေတဲ့အချိန်မှာပဲ အဲမှာ ထိုင်းရဲကနေပြီးတော့ ဒီစောင့်ရှောက်ရေးဂေဟာကို ထားထားလိုက်တာပေါ့။ အဲ့ဟိုဘက်မှာ သူတို့ရှိနေတဲ့အချိန်မှာတော့ ခေါင်းပုံဖြတ်ခံရတာတွေကတော့ အကြမ်းဖျင်းအနေနဲ့ မရှိခဲ့ဘူးပေါ့"
လွဲှပြောင်းပေးအပ်ခံရသူတွေကတော့ အမျိုးသား ၁၀ ယောက် အသက်မပြည့်သေးတဲ့ ယောက်ျားလေး ၄ ယောက်နဲ့ မိန်းကလေး ၂ ယောက် စုစုပေါင်း ၁၆ ယောက် ဖြစ်ပါတယ်။
အဲဒီအထဲက အသက်မပြည့်သေးတဲ့ မိန်းမကလေးတစ်ယောက်ကတော့ ကရင်ပြည်နယ်မှာ နေတာဖြစ်တာကြောင့် မြဝတီက တာဝန်ရှိသူတွေဆီမှာ ထားခဲ့ပါတယ်။
ကျန်တဲ့ ၁၅ ယောက်ကိုတော့ မွန်ပြည်နယ် မော်လမြိုင်မြို့က လူမှုဝန်ထမ်းကဂေဟာမှာ စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။
အဲဒီအလုပ်သမားတွေဟာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းကဖြစ် တယ်လို့ ပြောပါတယ်။ သူတို့တွေရဲ့မိဘ၊ ဆွေမျိုးတွေနဲ့ အဆက်သွယ်ပြန်ရတာကြောင့် မိဘတွေလက်ထဲကို ပြန်အပ်မှာဖြစ်တယ်လို့လည်း ရဲမှူး မိုးဦးက ပြောပါတယ်။