ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုပေးပွဲ အီတလီမှာ ကျင်းပ

RFA Burmese
2024.10.18
ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုပေးပွဲ အီတလီမှာ ကျင်းပ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့က လူ့အခွင့်အရေး ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဆုLudovic Trarieux International Human Rights Prize ဆုပေးပွဲ အခမ်းအနားကို အီတလီနိုင်ငံ၊ ရောမမြို့မှာ ဒီနေ့ ကျင်းပသွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ရောမမြို့မှာ ကျင်းပနေတဲ့ Institut des droits de l’homme des avocats européens (IDHAE) အဖွဲ့ရဲ့ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ အထူးအစီအစဉ်အနေနဲ့ ဆုပေးပွဲကို ထည့်သွင်းချီးမြှင့်မှာလို့ ဆိုပါတယ်။

Ludovic Trarieux International လူ့အခွင့်အရေးဆုကို ဒေါ်ရွက်နုအောင် ရရှိကြောင်း အခုနှစ် မေလ ၂၄ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး ဒီနေ့ကျင်းပတဲ့ ဆုပေးပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စား ဆုကိုလက်ခံရယူမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီတလီနိုင်ငံ အခြေစိုက် IDHAE အဖွဲ့က ပေးအပ်တဲ့ Ludovic Trarieux International Human Rights Prize ဆိုတာဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကာကွယ်၊ ပံ့ပိုးကူညီပေးတဲ့သူတွေကို နှစ်စဉ်ပေးအပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆု ဖြစ်ပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင် ဒီဆုရတာကို ဝမ်းသာဂုဏ်ယူရပြီး ထောင်ချခံထားရလို့ ကိုယ်တိုင် ဆုသွားမယူနိုင်တာ ကိုတော့ အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ ရန်ကုန်မြို့က ရှေ့နေ တစ်ဦးက ပြောပါတယ်။

“ဆရာမ ဒေါ်ရွက်နုအောင် ဒီဆုရတာကို ကျွန်တော်တို့က ဂုဏ်ယူတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ဆရာမက ရှေ့နေပညာကို တကယ်လည်း တတ်ကျွမ်းနားလည်တယ်။ လူမှုဆက်ဆံရေး အထူးကောင်းမွန်တယ်။ ရှေ့နေ အလုပ်ကို သူလုပ်တာပဲလေ။ ဒါပေမဲ့ သူ့ကိုလည်း နိုင်ငံရေးပစ်မှုနဲ့ ထောင်ချထားတာပေါ့။ ဒီကာလမှာတော့ နိုင်ငံရေးပြစ်မှုတွေကို လိုက်ပါဆောင်ရွက်ရတဲ့ ရှေ့နေတွေအနေနဲ့ ဖိအားမျိုးစုံရှိပါတယ်”

လူ့အခွင့်အရေး ရှေ့နေ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ရွက်နုအောင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင်၊ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ အမှုတွေကို အဖမ်းမခံရခင်က လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ခဲ့ပြီး မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံး က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။