ကိုပါကြီး အမှုစုံစမ်းဖော်ထုတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း
2014.10.28

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူပေးဖို့ လူ့ အခွင့်ရေးဆောင်ရွက်နေတဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ထိုင်း၊ မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် သတင်းထောက်များကာကွယ်ရေးကော်မတီ ခေါ် CPJ အဖွဲ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် FCCT ခေါ် နိုင်ငံခြားသတင်းထောက်များ အသင်း၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်အခြေစိုက် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က ကြေညာ ချက်တွေအသီးသီး ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာပါ။
AAPP ရဲ့တောင်းဆိုမှုနဲ့ပတ်သက်လို့အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က RFA ကို အခုလိုပြောပါတယ်။
"နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆုံးရှှုံးနေတယ်ဆိုတဲ့ကိစ္စ၊ အစိုးရဘက်ကနေ ပွင့်လင်းမြင်သာမှှု မရှိဘူးဆိုတဲ့ကိစ္စ နောက်တစ်ခါ အစိုးဘက်ကပြောနေတဲ့ကိစ္စ ဒီမိုကရေစီအရေးဖြစ်ပေါ်တိုးတက်မှှုတွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှှုတွေက အခုလုပ်ရပ်တွေနဲ့ ကျနော်တို့ တခြားစီဖြစ်နေ တယ်လို့ ကျနော်တို့က အဲ့ဒီလိုမြင်ပါတယ်၊ ဒါကြောင့် ဒီအဖြစ်မှန်ကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေး ဖို့အတွက် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့ဖို့အတွက်ကို ကျနော်တို့ကတော့ တောင်းဆိုတယ်"
သတင်းထောက်များကာကွယ်ရေး ကော်မတီ ခေါ် CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံ ရှောင် ခရစ္စပင်းကလည်း စစ်တပ်ကတာဝန်ရှိတဲ့ ဒီသေဆုံးမှုအတွက် အရပ်သားအစိုးရက စုံစမ်းစစ်ဆေးဖော်ထုတ်ပေးရ မယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ ကိုပါကြီးဟာ KKO ဆိုတဲ့အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိတဲ့ အောင်နိုင် ဆိုသူဖြစ်ပြီး၊ ဖမ်းဆီးထားဆဲကာလမှာ လုံခြုံရေးအစောင့်ဆီက သေနတ်လုပြီးထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးလိုက်တဲ့အကြောင်း၊ သူ့အလောင်းကို ရွှေဝါချောင်ရွာရဲ့ တောင်ဘက် မီတာ ၈ ရာလောက် မှာ မြေမြှုပ်သြင်္င်္ဂိုလ်လိုက်တဲ့အကြောင်းနဲ့ သေဆုံးသူရဲ့ဇနီးကို လိုအပ်တဲ့ အကူအညီပေးမယ်ဆိုတဲ့ အကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့က စာတစ်စောင် ထုတ်ပြန်ပြီး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကနေ တဆင့် ပြည်သူလူထုကို အသိပေးထားပါတယ်။
ကိုပါကြီးရဲ့ ဇနီးသည် မသန္တာကတော့ သူ့ခင်ပွန်းအလောင်းနဲ့သိမ်းဆည်းလိုက်တဲ့ပစ္စည်းမှန်သမျှကို ပြန်လိုချင်တဲ့ အကြောင်း၊ ဒီအမှုကို စုံစမ်းဖေါ်ထုတ်ပေးဖို့ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်းပြောပါတယ်။
ဒီအတောအတွင်း အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ဆန္ဒပြတောင်း ဆိုမှုတွေအပေါ် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန်လိုက်ပါတယ်။ ဦးလှဆွေကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။