"လူ့အခွင့်အရေးနဲ လူ့ဂုဏ်သိက္ခာ"ရုပ်ရှင်ပွဲတော် ရန်ကုန်မှာကျင်းပ
2013.06.16

"လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ" Human Rights and Dignity လို့ အမည်ပေးထားတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဂျန်းရှင်းစကွဲယား (Junction Square) က ရုပ်ရှင်ရုံတွေမှာ တနင်္ဂနွေနေ့ ကစပြီး အခမဲ့ စတင်ပြသနေပါတယ်။
အစိုးရသစ်တက်ပြီး ၂ နှစ်အကြာမှာ ဒီလိုရုပ်ရှင်ပွဲတော်ကို ဆင်ဆာမဖြတ်ဘဲ ခွင့်ပြုခဲ့တာဖြစ်ပြီး အစိုးရရဲ့ နေ့စဉ်ထုတ် သတင်းစာတွေမှာလည်း ကြော်ငြာခွင့်ရခဲ့တဲ့ အပြောင်းအလဲတွေ တွေ့ရတယ်လို့ အဲဒီ ရုပ်ရှင်ပွဲတော်စီစဉ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက RFA ကို ပြောပါတယ်။
အဲဒီရုပ်ရှင်ပွဲတော်မှာ Human Rights for Kids, Karaoke Girls, Seeing Is Believing စတဲ့ဇာတ်လမ်းတို ရုပ်ရှင်ကားတွေ အပါအဝင် ပြည်တွင်းပြည်ပက ဇာတ်ကားပေါင်း ၅၄ ကားကို ၃ ရက်ကြာ အခမဲ့ပြသမှာ ဖြစ်ပါတယ်။
အဲဒီဇာတ်ကားတွေထဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ပြည်ပအဖွဲ့အစည်းနှစ်ခုက ရွေးချယ်ဆုပေးမှာဖြစ်ပြီး၊ ဆုရရုပ်ရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ဆုချီးမြှင့်မယ်လို့ သိရပါတယ်။
ဆုရရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ သင့်တော်မယ့် ဇာတ်ကားတချို့ကိုလည်း တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ကြီးတွေမှာ ခရီးသွားရုပ်ရှင်ပွဲတော်အဖြစ် ဆက်လက်ပြသသွားမယ်လို့လည်း ဆိုပါတယ်။
ဒီရုပ်ရှင်ပွဲတော်မှာ ဇာတ်လမ်းတိုရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်၊ အထူးပြုလုပ်ချက်ရုပ်ရှင်ဆိုတဲ့ အမျိုးအစား ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။