အစိုးရ လူ့အခွင့် အရေး ကော်မရှင်ကို HRDP သံသယရှိ
2011.09.06

ံHRDP
လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နားလည် ကျွမ်းကျင်သူတွေကို သမ္မတရဲ့ ရွေးချယ်မှုနဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပြီး တိုင်းရင်းသား တွေလည်း ပါဝင်ကြောင်း၊ လူ့အခွင့်အရေး ကိစ္စတွေကို ကျယ်ကျယ် ပြန့်ပြန့်နဲ့ လွတ်လပ်စွာ စုံစမ်း ဖော်ထုတ်ခွင့်ရှိမှာ ဖြစ်ကြောင်း ကော်မရှင်ရဲ့ ဥက္ကဌဖြစ်သူ သံအမတ်ကြီး ဟောင်း ဦးဝင်းမြက RFA ကို ပြောပါတယ်။
“သမ္မတကြီးက ခန့်အပ်တဲ့ သဘော ရှိပါတယ်။ ဒီအထဲမှာ ပါဝင်တဲ့သူတွေက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လုပ်ဖူး ကိုင်ဖူး အတွေ့အကြုံ ရှိတဲ့ သူတွေလို့ သိရပါတယ်။ နောက်ပြီးတော့ လူမျိုးရေး အရလည်း ပြည့်စုံအောင် ထည့်ထားတာကို တွေ့ရပါတယ်။ လူ့အခွင့်အရေး ကော်မရှင် ဆိုတာ ပိုပြီးတော့ လွတ်လွတ် လပ်လပ် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်တဲ့ သဘော ဖြစ်ပါတယ်။ ကျနော်တို့ ကတော့ မြန်မာနိုင်ငံက လူထုအတွက် လူ့အခွင့်အရေး အများဆုံး ခံစားနိုင်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စုံစမ်း ဆောင်ရွက်ရေး အဖွဲ့တခုကို ယခင် နအဖ စစ်အစိုးရ လက်ထက် ၂၀၀၀ ခုနှစ်က ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ အစိုးရ အရာရှိတွေနဲ့ ဖွဲ့စည်းခဲ့တာ ရှိခဲ့ပေမယ့် ထိထိ ရောက်ရောက် လုပ်ကိုင် ဆောင်ရွက်မှု မရှိတာကြောင့် ပြစ်တင် ဝေဖန်ခံ ခဲ့ရပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင် ဟာလည်း ယခင် အဖွဲ့အစည်း နည်းတူ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို အကာအကွယ် ပေးမယ့် အဖွဲ့အစည်း ဖြစ်မှာကို စိုးရိမ်မိကြောင်း HRDP လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက် အကြီးအကဲ ဦးမောင်မောင်လေးက ပြောပါတယ်။
“အရင်ကလည်း ပြည်ထဲရေးတို့ တရားရေး ဌာနတို့ကနေ လူ့အခွင့်အရေး အဖွဲ့တွေ ဖွဲ့ခဲ့တယ်လေ။ ဒီဌာနတွေကပဲ လူ့အခွင့်အရေးကို ချိုးဖောက်ဆုံး ဖြစ်နေတာပါ။ အခုတော့ အငြိမ်းစားတွေနဲ့ ဖွဲ့တယ်။ သူတို့ဖွဲ့တဲ့ ရည်ရွယ်ချက်မှာ ကျနော်တို့ အင်မတန် စိုးရိမ်တဲ့ အချက်တချက် ရှိပါတယ်။ အစိုးရများရဲ့လူ့အခွင့်အရေး ချိုးဖောက် တာတွေကို နိုင်ငံတကာမှာ ဖုံးဖို့ ဖိဖို့ ဖွဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်လား ဆိုတာကို ကျနော်တို့ စိုးရိမ်ပါတယ်”
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထဲမှာ သံအမတ်ကြီး ဟောင်းတွေ အပြင်၊ အငြိမ်းစား တက္ကသိုလ် ပါမောက္ခတွေ၊ ညွှန်မှူးနဲ့ ညွှန်ချုပ် အဆင့်ရှိတဲ့ အစိုးရ ဌာနဆိုင်ရာ အကြီးအကဲ ဟောင်းတွေ အပါအဝင် စုစုပေါင်း (၁၅) ဦးနဲ့ ဖွဲ့စည်း ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက တောင်းဆို ခဲ့တာကြောင့် ဒီကော်မရှင်ကို ဖွဲ့စည်း လိုက်တာလို့ လေ့လာသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ သံအမတ်ကြီးဟောင်း ဦးဝင်းမြ နဲ့ RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |