ဟူးကောင်းဒေသခံတောင်သူ များ မြေယာလျော်ကြေးတောင်း ဆို


2014.05.28
hukaung-farmers-305 ကချင်ပြည်နယ်က ဒေသခံလယ်သမားတွေ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ယုဇန ဟိုတယ်ရှေ့မှာ မေလ ၃၀ ရက်နေ့က လယ်မြေဧက ၃ သိန်းကျော်ပြန်ရရေး ဆန္ဒပြတောင်းဆိုနေစဉ်
Photo:Thiha Htun / RFA

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီ က ပီလောပီနံစိုက်ဖို့ သိမ်းသွားတဲ့ မြေယာဧကသောင်း ဂဏန်း နီးပါးအတွက် နစ်နာကြေးနဲ့ လျော်ကြေးငွေတွေ လိုချင်ကြောင်း မြေဆုံးရှုံးခဲ့တဲ့ တောင်သူတွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်း ဆို လိုက်ပါတယ်။

ဖားကန့် နဲ့ တနိုင်းမြို့နယ်က တောင်သူ ၁၀ဦးဟာ ဒီနေ့ ရန်ကုန်မြို့ မြန်မာမီဒီယာစာကြည့်တိုက်မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့တာပါ။ အဲဒီ သတင်းစာရှင်းလင်းပွဲ မှာ ဖားကန့်မြို့နယ်၊ ဝါယာစုရွာက လယ် ၁၁ ဧက ဆုံးရှုံးခဲ့တဲ့  တောင်သူဦးတန်ဂွန်းက အခုလိုပြော ပါတယ်။

"မလုပ်စားရတဲ့ နစ်နာကြေးပေါ့နော်၊ နောက် သီးနှံ ဆုံးရှုံးတဲ့ လျော်ကြေးတွေပေါ့နော်၊ လယ် ယာမြေတွေ ပျက်စီးသွားတဲ့ နစ်နာကြေးတွေပေါ့နော်၊ အဲဒါတွေ ပဲ တောင်းဆို တယ်၊ ကျနော်တို့မှာ ပိုင်ရှင်ဖြစ်တဲ့ အထောက်အထားတွေလည်းရှိပါတယ်"

အသိမ်းခံလိုက်ရတဲ့ လယ်မြေ၊ ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေဟာ လီဒိုလမ်းမရဲ့အနောက်ဘက်မှာရှိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ယုဇနကုမ္ပဏီက သိမ်းဆည်းလိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က တောင်သူတွေဟာ ယုဇနကုမ္ပဏီကို မြစ်ကြီးနား မြို့နယ်တရားရုံးမှာ တရားစွဲ ဆိုရာ ဥယျာဉ်ခြံမြေ တစ်ဧကကို ကျပ် ၆သောင်း၊ လယ် တစ်ဧအတွက် ကျပ် ၈သောင်းနဲ့ ယာတစ်ဧက အတွက် ကျပ် ၄သောင်း ပေးဖို့ တရားရုံးက ဆုံးဖြတ်ပေးခဲ့ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်ကို တောင်သူတော်တော်များများက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တဲ့ တောင်သူ ၁၀ ဦးက ဦးဆောင်ပြီး နစ်နာကြေးနဲ့ လျော်ကြေး ပေးဖို့ လာမယ့် မေလ ၃၀ရက်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြသွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။