ဒေါ်ထုမေ နှုတ်ထွက်ခွင့်တင်တာ ANP ပါတီပယ်ချ


2017.07.31
htumay-622.jpg အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေကို တွေ့ရစဉ်
Photo: RFA

ရခိုင်အမျိုးသားပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့်ပေးဖို့တင်ထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ထုမေရဲ့ နှုတ်ထွက်စာကို ပါတီနဲ့ရှင်းလင်းစရာ ကိစ္စတွေရှိနေတာသေးတာကြောင့် နှုတ်ထွက်ခွင့်ကို ပယ်ချလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ခံရပြီးနောက် ပါတီနဲ့သဘောတူထားတဲ့အတိုင်း လစဉ် လစာရဲ့ ၁၅ ရာခိုင်နှုန်းကို ပါတီထံ ပုံမှန်ထည့်ဝင်ရမယ်ဆိုတာကို ပျက်ကွက်မှုတွေရှိနေပြီး လာရောက်ရှင်းလင်းဖို့လိုတဲ့အတွက် ပယ်ချလိုက်တာလို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များမှ လစဉ်ပါတီသို့ထောက်ပံ့ငွေအဖြစ် ရရှိတဲ့လစာရဲ့ ဝန်ကြီးများအဆင့် ၂၀ရာခိုင်နှုန်း၊  ပြည်ထောင်စုလွှတ်တော်အဆင့်က ၁၅ ရာခိုင်နှုန်း၊ ပြည်နယ်လွှတ်တော်အဆင့်က ၁၀ ရာခိုင်နှုန်းဆိုပြီးတော့ လကုန်ပြီး ၅ ရက်အတွင်းမှာ ပါတီဗဟိုဌာနချုပ်ကို ထည့်ဝင်ပေးသွင်းရမယ် ဆိုပြီးတော့ အဲဒီလိုဆုံးဖြတ်ချက်ရှိ ပါတယ်။ ဒါပေမဲ့ ဒေါ်ထုမေက ရွေးကောက်ပွဲနိုင်ပြီး တလပဲ ပေးသွင်းထားပြီးတော့ ကျန်တာတွေကို လုံးဝ ပေးသွင်းထားတာ မရှိပါဘူးခင်ဗျ။ သူ့မှာပေးသွင်းရမယ့်တာဝန်တွေ ကျန်ရှိနေပါတယ်။"

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ နှစ်ပါတီ ပူးပေါင်းစဉ်က ချမှတ်ထားတဲ့ သဘောတူညီချက်တွေကို ချိုးဖောက် တာကြောင့် လစဉ်ထည့်ဝင်ကြေးကို မထည့်ဝင်တာဖြစ်တယ်လို့ ပြောပါတယ်။

"ကျမကနေပြီးတော့ ထည့်ဝင်ကြေး မပေးရခြင်းသည် ပါတီစည်းမျဉ်းကို ဖောက်တာမဟုတ်ဘဲနဲ့ တကယ်တမ်း နှစ်ပါတီပူးပေါင်းရေးက ထားရှိတဲ့ လူကြီးမင်းပဋိဉာဉ်ကို မလိုက်နာတဲ့အတွက်ကြောင့်မို့လို့။ သူတို့ဘက်က ချိုးဖောက်ခဲ့တယ်။ ဒီALD ဘက်ကနေပြီးတော့ ပါဝင်လာကြတဲ့ ခေါင်းဆောင်တွေကို အကုန်လုံးဖြုတ်ထုတ်သတ် လုပ်တဲ့အခါမှာ လက်ရှိကျန်ခဲ့တဲ့ပါတီက ALD မဟုတ်တော့ပါဘူး။ RNDP အခြမ်းပဲကျန်တဲ့အတွက်ကြောင့် RNDP ပဲဖြစ်ပါတယ်"

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ လစဉ် ကျပ် ၁၀ သိန်းချီးမြင့်ငွေရရှိပြီး လွှတ်တော်တက်ရတဲ့ ရက်တွေမှာ တစ်နေ့ကို နေ့စဉ်ထောက်ပံ့ကြေးငွေ ကျပ် ၂ နှစ်သောင်း ရရှိတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှစ် ပါတီကို ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ANP တည်ထောင်ခဲ့စဉ်က ALD ရဲ့မိတ်ဖက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ ဆက်လက်လက်တွဲမှာဖြစ်သလို RNDPရဲ့ မိတ်ဖက် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း NBFနဲ့လည်း ဆက်လက်လက်တွဲ ဖို့ နှစ်ပါတီကြားသဘောတူညီခဲ့ကြတယ်လို့ ပြောပါတယ်။

နောက်ပိုင်းမှာ ANP အနေနဲ့ UNA နဲ့လက်တွဲဖြုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာဟာ နှစ်ဖက်ပါတီကြား သဘောတူညီမှုကို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက ချိုးဖောက်တာဖြစ်တယ်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်ထုမေက ပြောပါတယ်။

ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒေါ်ထုမေအနေနဲ့ ပါတီကနေ နှုတ်ထွက်ကြောင်း အကြောင်းကြားစာမှာ ရေးသားထားချက်တွေဟာ ပါတီကို မထီမဲ့မြင်လုပ်တဲ့ သဘောသက်ရောက်နေတဲ့အတွက် ဗဟိုအလုပ်မှုဆောင်ကော်မတီအနေနဲ့ လက်ခံနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။