ထီးလင်းမှာ ဗုံးသီးပေါက်ကွဲလို့ အရပ်သား တစ်ဦး သေဆုံး

RFA Burmese
2023.03.29
ထီးလင်းမှာ ဗုံးသီးပေါက်ကွဲလို့ အရပ်သား တစ်ဦး သေဆုံး မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Yaw Revolution Army-Tilin

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲက ကံသာရွာနဲ့ ကြူသာရွာကြားက လယ်ယာလုပ်ငန်း လုပ်တဲ့ ရွှေတွင်းတူးတောမှာ မတ်လ ၂၈ ရက် မနေ့က ၄၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထီးလင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားမှာ တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ နေရာမှာ လယ်လုပ်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ကိုကျော်လင်းဆိုသူ သေဆုံးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးလင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညနေ လေးနာရီခွဲလောက်မှာ ဖြစ်သွားတာ။ တောင်သူလုပ်ငန်းလုပ်နေတဲ့ ကိုကျော်လင်း သေသွားတယ်။ ဒဏ်ရာတွေက တော်တော်များတယ်။ ဗုံးသီးမှာပါတဲ့ အပိုင်းအစတွေ ခန္ဓာကိုယ်ထဲစိုက်ဝင်တာတွေ၊ ဖောက်ထွက်ဒဏ်ရာတွေ တော်တော် များတယ်။ ထိခိုက်ဒဏ်ရာ ရသူကတော့ စိုးရိမ်စရာ မရှိပါဘူး”

အဲဒီနေရာဟာ ပြီးခဲ့တဲ့ ၆ လ လောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာ ဖြစ်တယ်လို့ ယောတော်လှန်ရေးတပ် - YRA ရဲ့တာဝန်ခံ သခင်ဇော်က RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့စဉ်က စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ အဲဒီဗုံးသီးဟာ မပေါက်ကွဲသေးဘဲ အဲဒီနေရာမှာ ကျန်နေတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

စစ်လက်ကျန်ဗုံးသီးနဲ့ လက်နက်ပစ္စည်းတွေ တွေ့ရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားပေးဖို့နဲ့ ကိုင်တွယ်တာတွေ မလုပ်ကြဖို့ သူကတိုက်တွန်းပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာအနီးမှာ ၆၀ မမ ဗုံးသီး ပေါက်ကွဲခဲ့တာကြောင့် လယ်ထွန်စက် ထိခိုက်ပျက်စီးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ထီးလင်းဒေသခံတွေက ပြောပါတယ်။

ဒီလို စစ်လက်နက် အကြွင်းအကျန်တွေ ပေါက်ကွဲသေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) ကတော့ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အရပ်သား ၁၀၂ ဦး သေဆုံးခဲ့ရသလို အခြား အရပ်သား ၂၈၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။